
အပိုင်း ၆ ပိုင်းပါဝင်တဲ့ The Spy ဇာတ်လမ်းတွဲလေးဟာ အစ္စရေးနိုင်ငံရဲ့ ထောက်လှမ်းရေးအဖွဲ့အစည်းဖြစ်တဲ့ Mossad ထောက်လှမ်းအဖွဲ့ရဲ့ဖခင်ကြီး Eli Cohen အကြောင်း (ဖြစ်ရပ်မှန်)ကို အစ္စရေးနိုင်ငံသား ဒါရိုက်တာ Gideon Raff က ခံစားရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကို ပြင်သစ်ရုပ်ရှင် ထုတ်လုပ်ရေးကုမ္ပဏီ Legende Enterprises က Canal+ နှင့် Netflix တို့နဲ့ပူးပေါင်းပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၆ ရက်မှာထုတ်ဝေခဲ့တာပဲဖြစ်ပါတယ်။ Uri Dan နဲ့ Yeshayahu Ben Porat တို့ရေးသားခဲ့ကြတဲ့ ဖြစ်ရပ်မှန်ဝတ္ထုစာအုပ် “The Spy Who Came From Israle”ကို ရုပ်ရှင်ပြန်ရိုက်ထားပြီးတော့ မင်းသား Sacha Baron Cohen နဲ့ Noah Emmerich တို့က အဓိကပါဝင်သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။ အပိုင်းတစ်ခုချင်းစီဟာ ၄၇ မိနစ်ကနေ ၆၂ မိနစ်ထိကြာမြင့်ပေမယ့် တစ်ပိုင်းပြီးတစ်ပိုင်း အဆက်မပြတ်ကြည့်ချင်လာစေတဲ့ ဇာတ်ကားကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးမှာဆိုရင် အစ္စရေးနိုင်ငံနဲ့ ဆီးရီးယား နိုင်ငံတို့အကြားက သမိုင်းကြောင်းတွေအပြင် Eli Cohen ရဲ့ ဉာဏ်အမြော်အမြင်ကြီးမားမှုတွေကြောင့် နိုင်ငံကျော် ၆ ရက်ကြာစစ်ပွဲမှာ အစ္စရေးတို့ ၂ ရက် အတွင်း အနိုင်ရရှိခဲ့တဲ့အကြောင်းတွေကို လေ့လာနိုင်မှာဖြစ်ပါတယ်။ ရည်မှန်းချက်ကြီးမားပြီး အမျိုးချစ်တဲ့ Mossad ထောက်လှမ်းအဖွဲ့ရဲ့ဖခင်ကြီး Eli Cohen ဟာ မိသားစုကိုစွန့်လွှတ်ပြီးတော့ နိုင်ငံတော်နဲ့ နိုင်ငံသားတို့ရဲ့အကျိုးအတွက် တစ်ဖက်ရန်သူနိုင်ငံမှာ နှစ်ပေါင်းများစွာနေထိုင်ပြီး အစိုးရနဲ့ စစ်ဘက်ထိပ်ပိုင်း ခေါင်းဆောင်တွေကြားထဲမှာ ယုံကြည်မှုရရှိအောင်တည်ဆောက်ခဲ့ပုံ၊ အနေအထိုင်ပိရိသေသပ်လွန်းတာကြောင့် ရန်သူ့နိုင်ငံမှာ ဒုတိယကာကွယ်ရေး ဝန်ကြီးနေရာအထိရရှိခဲ့ပုံ၊ ရန်သူဘက်သမ္မတရဲ့ အကြံပေးနေရာအထိရရှိအောင် ထက်မြက်ခဲ့ပုံတွေကို သိရှိလေ့လာနိုင်တဲ့အပြင် Mrs. Cohen ဟာ ခင်ပွန်းဖြစ်သူကို စိတ်မချနိုင်ပေမယ့် ခင်ပွန်းဖြစ်သူရဲ့ ပြင်းပြတဲ့စိတ်ဆန္ဒတွေကို နားလည်နေတာကြောင့် လိုက်လျောပေးခဲ့ပြီး အဆင်မပြေမှုတွေ ခက်ခဲမှုတွေကို တစ်ယောက်တည်း ရင်ဆိုင်ခဲ့ပုံ၊ ပတ်ဝန်းကျင်ရဲ့သွေးထိုးစကားတွေကို လျစ်လျူရှုပြီး ကလေး ၂ ယောက်နဲ့ ဗျာများပြီးပင်ပန်းနေရပေမယ့် ခင်ပွန်းဖြစ်သူကို အပြစ်မမြင်မဖောက်ပြန်ဘဲ သစ္စာရှိရှိနဲ့နားလည်ပေးပြီး ဘယ်အချိန်မှပြန်လာမယ်မသိပေမယ့် အကြိမ်ကြိမ်အခါခါထွက်သွားတိုင်း အကြိမ်ကြိမ်အခါခါစောင့်နေခဲ့ပုံ၊ မိမိခင်ပွန်းက သူလျှိုတစ်ယောက်ဆိုတာကို နောက်ဆုံးအချိန်ရောက်မှသိရှိခဲ့ရပေမယ့် မိမိတတ်နိုင်တဲ့ဘက်ကနေ ရေနစ်သူအတွက် မြက်တစ်ပင်လည်းကူကယ်ရာလို ပြင်သစ်နိုင်ငံကိုသွားပြီး ဆီးရီးယားနိုင်ငံသံအမတ်ကြီးကို သွားရောက်အသနားခံခဲ့ပုံ၊ ခင်ပွန်းဖြစ်သူ Eli Cohen ဟာဆိုရင်လည်း နှစ်ပေါင်းများစွာကြာခဲ့တာတောင် မိမိဇနီးမယားအပေါ် သစ္စာမဖောက်ပြားဘဲ ယောကျာ်းကောင်းပီသခဲ့ပုံ၊ မိမိနိုင်ငံဖျက်ဆီးခံရတော့မယ့်အရေးအတွက် သက်စွန့်ဆံဖျားကြိုးစားဆောင်ရွက်နေရချိန်မှာ တစ်ဖက်ကလည်း ယောကျာ်းသိက္ခာကိုပါ စော်ကားခံနေရပေမယ့် မိမိအကျိုးထက်နိုင်ငံ့အရေးကိုသာ ဦးစားပေးဆောင်ရွက်ခဲ့ပုံ၊ နောက်ဆုံးဖမ်းမိသွားတဲ့အချိန်မှာ ဆီးရီးယားနိုင်ငံဘက်က လူသားချင်းစာနာထောက်ထားမှုကင်းမဲ့စွာ စီရင်ဆုံးဖြတ်ခဲ့ပုံတွေကို ရင်တသိမ့်သိမ့်နဲ့မရပ်မနားအဆုံးထိကြည့်ချင်စေမယ့် ဇာတ်ကားကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်