
လွန်ခဲ့တဲ့ နှစ် ၂၀ က အလယ်တန်းကျောင်းမှာ အကြမ်းဖက် အနိုင်ကျင့်ခံရတဲ့ အကြောင်းကို အခြေခံပြီး ကလဲ့စားချေဖို့ အပြစ်ရှိတဲ့ လူတွေကို လိုက်သတ်တဲ့ ဇာတ်လမ်းဖြစ်ပါတယ်ဗျ။ ဟွမ်ဂျောင်မင်းဟာ ကျောင်းမှာရော အိမ်မှာပါ အနိုင်ကျင့်ခံခဲ့ရတဲ့အတွက် trauma ရခဲ့တယ်။ ချစ်ရတဲ့သူနဲ့ လက်တွဲပြီး trauma ကို ကုသနိုင်ခဲ့ပေမဲ့ တစ်ရက် သူ့မိဘအိမ် သွားလည်ရာကနေ စတိုခန်းထဲမှာ တစ်ခုခုကို မြင်ပြီး trauma ပြန်ဝင်သွားခဲ့တယ်။ သိပ်မကြာခင်မှာပဲ သူတို့ လင်မယားဟာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံခဲ့ပြီး ဟွမ်ဂျောင်မင်းက မသေဘဲ လွတ်မြောက်သွားခဲ့တယ်။ နောက်ရက်တွေမှာ ဟွမ်ဂျောင်မင်းဟာ သူ့ကို အလယ်တန်းတုန်းက အနိုင်ကျင့်ခဲ့တဲ့ သူတွေကို လိုက်သတ်ဖို့ ကြိုးစားပါတော့တယ်။ သူနဲ့ အလယ်တန်းမှာ အချစ်ဆုံး သူငယ်ချင်း ဖြစ်ခဲ့တဲ့ ဂျောင်ဂျုံဆော့က စုံထောက်ဖြစ်နေပြီး သူ့အမှုကို လိုက်စုံစမ်းတယ်ပေါ့။ ဒီလိုနဲ့ အကြမ်းဖက် အနိုင်ကျင့်တာတွေကြောင့် စိတ်ဒဏ်ရာရသွားခဲ့တဲ့သူတစ်ဦး ဘယ်လို ကလဲ့စားချေမလဲဆိုတာကို သည်းထိတ်ရင်ဖို ကြည့်ရမှာပါ။ ဇာတ်လမ်းလေးက plot twist တွေနဲ့ စိတ်ဝင်စားဖို့ကောင်းတာမို့ သည်းထိတ်ရင်ဖို စုံထောက်ကားတွေကို ကြိုက်တဲ့ ပရိသတ်ကြီးတို့ အကြိုက်တွေ့မှာ သေချာပါတယ်ဗျ။