
ဒီ Business proposal လို့အမည်ရတဲ့ဇာတ်လမ်းတွဲက မကြာသေးခင်ကမှထွက်ရှိခဲ့တဲ့ တောင်ကိုရီးယား ဇာတ်လမ်းတွဲလေးပါ။ IMDb 8.2/10 အထိရရှိထားတဲ့ ဒီဇာတ်လမ်းတွဲလေးကတော့ အချစ်ဟာသကားလေးပဲဖြစ်ပါတယ်။ သရုပ်ဆောင်များအဖြစ် မင်းသားချောလေးများဖြစ်ကြတဲ့ အန်းဟျိုဆော့ပ်နဲ့ ကင်မ်မင်ဂယူ၊ မင်းသမီးချောလေးများဖြစ်ကြတဲ့ ဂင်မ်ဆယ်ဂျောင်းနဲ့ ဆောလ်အင်းအာတို့အပြင် အခြားသရုပ်ဆောင်ပေါင်း များစွာ ပါဝင်ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာ သာမန်ကုမ္ပဏီဝန်ထမ်းဖြစ်တဲ့ ရှင်းဟာရီက သူငယ်ချင်းဖြစ်သူ သူဌေးသမီး ဂျင်ယောင်ဆောရဲ့ ကိုယ်စားကြင်ဖက်တွေ့ပေးဖို့ အကြောင်းဖန်လာရင်း ကြင်ဖက်တွေ့ရတဲ့လူက မိမိကုမ္ပဏီသူဌေးဂန်ထယ်မူ ဖြစ်နေခဲ့ပါတယ်။ ဒီလို အရှုပ် ဇာတ်လမ်းကနေ စလိုက်တဲ့ သူတို့ရဲ့ ဆက်ဆံရေးတွေကို ဟာသနှောပြီး ရိုက်ကူးပုံဖော်ထားပါတယ်။ အလုပ်က လွဲပြီး ဘာမှစိတ်မဝင်စားတဲ့ သူဌေးသားလေး ဂန်ထယ်မူရယ်၊ ယောက်ျားလေး သူငယ်ချင်းကိုမှ (၇) နှစ်ကြာ တစ်ဖက်သတ် ကြိုက်နေခဲ့တဲ့ ရှင်းဟာရီရယ်၊ ဖူးစာပါတဲ့အချစ်ကိုပဲ ယုံတယ်ဆိုတဲ့ ဂျင်ယောင်ဆောရယ်၊ ခပ်အေးအေးနေတတ်တဲ့ ဂန်ထယ်မူရဲ့ အတွင်းရေးမှူးချာဆောင်းဟွန်းတို့ ပြဿနာတက်ပုံ ရှုပ်ထွေးကြပုံတွေ၊ ချစ်ကြည်နူးကြပုံတွေကို ဒီဇာတ်လမ်းတွဲလေးထဲမှာ ကြည့်ရှုနိုင်ပါတယ်ရှင်။