
၂၀၀၆ ခုနှစ်က ရိုက်ကူးခဲ့တဲ့ World Trade Center ဇာတ်လမ်းဟာ ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စု နယူးယော့မြို့က World Trade Center တိုက်ခိုက်ရမှုကိုအခြေခံပြီး ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ မင်းသား Nicolas Cage နဲ့ Michael Peña တို့ကအဓိကပါဝင်သရုပ်ဆောင်ထားပြီး နာမည်ကြီးရုပ်ရှင်ဒါရိုက်တာ Oliver Stone ကရိုက်ကူးထားတာဖြစ်ပါတယ်။ သာမန်နေ့လေး တစ်နေ့မှာ ပုံမှန်အတိုင်းလှုပ်ရှားနေကြတဲ့ ဆိပ်ကမ်းအာဏာပိုင် ရဲတပ်ဖွဲ့တွေဟာ အရေးပေါ်ညွှန်ကြားချက်အရ အပိုင်စီးခံထားရတဲ့ ခရီးသည် တင်လေယာဉ်ရဲ့ဝင်တိုက်မှုကြောင့် ပျက်စီးသွားတဲ့ဝေါထရိတ်စင်တာဆီကို လူတွေကိုကူညီဖို့သွားခဲ့ကြပါတယ်။ တာဝါနှစ်ခုကို ဖြတ်ကူးနေစဉ် မှာပဲ အကြမ်းဖက်သမားတွေရဲ့လက်ချက်ကြောင့် နောက်တာဝါတစ်ခု ပြိုလဲသွားခဲ့ရာမှ အပျက်အစီးတွေကြားပိတ်မိသွားခဲ့ရတဲ့ သူတို့တွေကို ကယ်တင်နိုင်ပါ့မလား။ သူတို့ပြန်အလာကိုစောင့်မျှော်နေကြတဲ့ မိသားစုတွေကိုပြန်သွားနိုင်ပါ့မလား။ ဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ကူးထားတဲ့ အပြင် Nicolas Cage နဲ့ Michael Peña တို့ရဲ့ ပီပြင်လှတဲ့သရုပ်ဆောင်မှုတွေကြောင့် ရုပ်ရှင်အစအဆုံးရင်တထိတ်ထိတ်နဲ့ခံစား ကြည့်ရှု နိုင်မှာပဲဖြစ်ပါတယ်။