
ဒီကားလေးကတော့ ၁၉၈၃ ခုနှစ်က ထွက်ခဲ့တဲ့ ဇာတ်ကားလေးဖြစ်ပြီးတော့ ဒါရိုက်တာကတော့ Sammo Hung (ကျွန်တော်တို့ ငယ်ငယ်တုန်းက ခေါ်ကြတာတော့ ဟုတ်ချင်းပေါင်) ဖြစ်ပြီးတော့ မင်းသားကြီး ဂျက်ကီချန်းပါ ပါဝင်သရုပ်ဆောင်ထားတဲ့အပြင် အခြားနာမည်ကြီး သရုပ်ဆောင်တွေ အများကြီးနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် သရုပ်ဆောင်ထားတဲ့ အရမ်း ရယ်ရတဲ့ ဇာတ်ကားကောင်း တစ်ကားပါ။ ဇာတ်လမ်း အကျဉ်းကတော့ လူလိမ် ၅ ယောက်ဟာ သူတို့၏ ပြစ်မှုတွေကြောင့် ထောင်ကျသွားပြီး သူတို့ ၅ ယောက်ဟာ ထောင်ထဲမှာ ညီအစ်ကိုတွေလို ဖြစ်သွားကြတယ်။ အပြင်ထွက်လာတော့ သူတို့ဟာ သူတို့ထဲက တစ်ယောက်ရဲ့ အိမ်မှာ သွားနေဖို့ လိုက်သွားကြတယ်။ အဲ့မှာ သူတို့တွေ့လိုက်ရတာက သူ့မှာ ညီမချောချောလေး ရှိနေတာပါပဲ။ အဲ့ကနေ သူတို့ ၆ ယောက်ပေါင်းပြီး သန့်ရှင်းရေးကုမ္ပဏီ ထောင်လိုက် ပါတော့တယ်။ ဒါပေမယ့် ဘယ်ကမှန်း မသိတဲ့ အိတ်တစ်လုံး သူတို့ရဲ့ ကားပေါ်ရောက်လာရာကနေ ပြဿနာ စတော့တာပါပဲ။ ကျွန်တော်တို့ရဲ့ မင်းသားကြီး ဂျက်ကီချန်းဟာဆိုလည်း ဒီကားထဲမှာဆိုရင် တကယ့်တလွဲတွေပဲ လုပ်နေတဲ့ ရဲတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။ ပြီးတော့ နောက်တစ်ခုက နောက်ဆုံးမှာ မထင်ထားတဲ့ လှည့်ကွက်တစ်ခုကိုလည်း တွေ့ရမှာပါ။ ဇာတ်ကားတစ်ကားလုံး ရယ်နေရပြီးတော့ တကယ့် အက်ရှင်ခန်းတွေနဲ့ လှလှပပ ရိုက်ထားတာဆိုတော့ မကြည့်ရသေးရင် ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။