
များသောအားဖြင့် လူတွေက ကိုယ့်ရဲ့ရှုထောင့်ကအမြင်ကိုပဲ အခြေခံပြီး လောကကြီးကို ပုံဖော်တတ်ကြတယ်။ ကိုယ်တစ်ယောက်ပဲ သိတဲ့ အဖြစ်အပျက်တွေ၊ ကိုယ်တစ်ယောက်ပဲ ခံစားရတဲ့ ခံစားချက်တွေ၊ မတူတဲ့ရှုထောင့်တွေကြောင့် အားလုံးက ကိုယ့်ကိုယ်ကိုယ်ပဲ အမှန်ဆုံးလို့ယူဆတတ်ကြပါတယ်။ ဒီ Netflix ကနေ ထုတ်လိုက်တဲ့ Tribhanga ဆိုတဲ့ ရုပ်ရှင်ထဲမှာတော့ အဲ့ဒီလိုပဲ မိသားစုတစ်ခုထဲက လူတစ်ယောက်ချင်းစီရဲ့ မတူတဲ့ရှုထောင့်တွေကို အားလုံးမြင်နိုင်အောင် မီးမောင်းခပ်မှိန်မှိန်နဲ့ ထိုးပြပြီး ခံစားလွယ်တဲ့သူတွေ မျက်ရည် မခိုင်လောက်တဲ့အထိ ဒါရိုက်တာက အနုပညာမြောက်အောင် ပုံဖော်ထားပါတယ်ဗျ။ မီလန်ကတော့ နာယန်းဆိုတဲ့ အနားယူခါနီး စာရေးမကြီးကို ကိုယ်တိုင်ရေးအတ္ထုပတ္တိ ရေးဖို့ ကူညီပေးနေတဲ့ စာရေးဆရာပေါက်စတစ်ယောက်ပဲဖြစ်ပါတယ်။ တစ်နေ့မှာတော့ စာရေးဆရာမကြီးဟာ ဦးနှောက်သွေးကြောပြတ်ပြီး ကိုမာဝင်သွားတဲ့အတွက် မီလန်ဟာ အတ္ထုပတ္တိအတွက် မတူတဲ့ရှုထောင့်တွေကိုသိရဖို့ စာရေးဆရာမကြီးရဲ့ နွေးနွေးထွေးထွေးမရှိတဲ့ မိသားစုဝင်တွေဆီကနေ အင်တာဗျူးမှတ်တမ်းတင်ဖို့ ကြိုးစားပါတော့တယ်။ တကယ်လို့ အခုအချိန်မှာ ကိုယ်က မိသားစုတွင်းပြဿနာတွေ အများကြီးကြုံနေရတယ်၊ ခေါင်းထဲမှာ တွေးစရာတွေအရမ်းများနေတယ်ဆိုရင် ဒီရုပ်ရှင်က အခု ကြည့်နေတဲ့ သူအတွက် ညဘက်မီးပျက်လို့ ပူပူလောင်လောင်နဲ့ အိမ်ရှေ့အမှောင်ထဲ ထွက်ထိုင်နေတဲ့အချိန် လေအေးအေးလေး ဖြတ်တိုက်သွားပြီး ကောင်းကင်ပေါ်ကကြယ်တွေ အရမ်းလှနေတာကို သတိထားမိသွားတဲ့ ခံစားချက်မျိုးကို ပေးစွမ်းနိုင်မှာ အသေအချာပါပဲ။