
အာလာဒင်ကို ဆုသုံးခုဖြည့်ပေးခဲ့တဲ့ မီးခွက်စောင့်ဘီလူးကြီးပုံပြင်ကို အားလုံးကြားဖူးကြမှာပါ။ နတ်သမီးပုံပြင်တွေကိုလည်း ငယ်ငယ်က အားလုံးသဘောကျဖူးကြမှာပါ။ အခုပြောပြမှာကတော့ မီးခွက်စောင့်ဘီလူးကြီးအကြောင်းမဟုတ်သလို နတ်သမီးပုံပြင်လည်းမဟုတ်ပါဘူး။ ပုံပြင်တွေထဲက အမှန်တရားတွေကိုလိုက်ရှာနေတဲ့ ပုံပြင်စိတ်ဖြာပညာရှင်မလေးတစ်ယောက်နဲ့ နှစ် (၃၀၀၀) ကြာအောင် ပုလင်းတစ်လုံးထဲပိတ်မိနေခဲ့တဲ့ ဂျင်န်တစ်ယောက်ရဲ့အကြောင်းဇာတ်ကားလေးပါ။ ဂျင်န်ဆိုတာကတော့ ကိုရ်အာန်ကျမ်းအရ အစ္စလာမ်ဘာသာမှာ မီးကနေတစ်ဆင့် ဘုရားသခင်ဖန်တီးထားတဲ့ ကိုယ်ပိုင်စွမ်းအင်တွေရှိတဲ့ ဝိညာဉ်တွေဖြစ်ပြီး အများအားဖြင့်လူပုံသဏ္ဍာန်ပဲ မြင်တွေ့ရလေ့ရှိပါတယ်။ ဂျင်န်တွေရဲ့လောကက လူ့လောကနဲ့ အပြိုင် universe လိုရှိနေတာမို့ ဂျင်န်တွေကိုတွေ့ရတာ၊ အိပ်မက်ထဲမှာ ဂျင်န်နဲ့ချစ်ကျွမ်းဝင်တာတွေက အပြင်မှာလည်းအဖြစ်များပါတယ်။ ဇာတ်လမ်းကိုဆက်ရမယ်ဆိုရင် ဇာတ်လိုက်အလစ်တီယာဟာ ဂျင်န်ကိုပုလင်းထဲကနေ လွှတ်ပေးခဲ့တဲ့အတွက် ဆုသုံးခုပြုခွင့်ရပြီး ဒီဆုတောင်းကိုဖြည့်ပေးမှသာ ဂျင်န်ကလည်း ဂျင်န်လောကကိုပြန်နိုင်မှာပါ။ ဒါပေမဲ့ ဒီဆုတောင်းတွေဟာ နှလုံးသားရဲ့ဆန္ဒဖြစ်ဖို့တော့ လိုပါတယ်။ အဲဒီအတွက်ကြောင့်မို့ အလစ်တီယာအနေနဲ့ ဘာတွေဆုတောင်းမလဲ။ နှစ် (၃၀၀၀) တိတိ ပုလင်းထဲပိတ်မိနေခဲ့တဲ့ ဂျင်န်ရဲ့ဘဝဇာတ်ကြောင်းကရော ဘာလဲဆိုတာကိုတော့ ဂျင်န်ပြန်ပြောပြမဲ့ပုံပြင်တွေနဲ့အတူ Three Thousand Years of Longing ဆိုတဲ့ကားလေးမှာ ခံစားကြည့်လိုက်ကြပါဦးနော်။