
ဒီတစ်ခါမှာတော့ 1960 ခုနှစ်ကထွက်ရှိထားတဲ့ William Castleရဲ့ ရုပ်ရှင်ဇာတ်ကားကို ၂၀၀၁ခုနှစ်မှာပြန်လည်ရိုက်ကူးထားတဲ့ Thir13 Ghosts ဆိုတဲ့ကားလေးနဲ့မိတ်ဆက်ပေးပါရစေ။ ဒီကားထဲမှာတော့ Arthur Kriticosဆိုသူဟာ ချစ်ရသူဇနီး၊ မိသားစုနဲ့အတူ ခြံဝင်းကျယ်ကျယ်နဲ့ အိမ်လေးမှာနေထိုင်ရင်း အေးချမ်းတဲ့ ဘဝလေးကိုပိုင်ဆိုင်ထားပါတယ်။ တစ်နေ့မှာတော့ နေအိမ်မီးလောင်တဲ့အထဲ ဇနီးသည်ပါသွားခဲ့ပါတယ်၊ ဇနီးသည် သေဆုံးပြီးနောက်ပိုင်းမှာတော့ မီးလောင်မှုကြောင့် လျော်လိုက်ရတဲ့အခါမှာ သမီးနှင့်သားဖြစ်သူတို့နဲ့အတူ အိမ်အသေးလေးမှာ နေထိုင် ကြရပါတော့တယ်။ ထိုအချိန်မှာ ငယ်စဉ်ကတည်းက ကွဲကွာခဲ့သော ဦးလေးဖြစ်သူ Cyrus Kriticosရဲ့ ရှေ့နေတစ်ယောက်ရောက်လာပြီး၊ သူတို့ကို သေဆုံးသူ ဦးလေးရဲ့အမွေအဖြစ် အိမ်တစ်အိမ်အမွေလွှဲပေးဖို့စီစဉ်ခဲ့ပါတယ်။ အမွေရလို့ပျော်နေတဲ့ ကလေးတွေနဲ့အတူ Arthur Kriticos တစ်ယောက် ထိုအိမ်ကိုရောက်သွားတဲ့အခါမှာတော့ သူတို့တွေ့ကြုံရမယ့် ကိစ္စတွေကလွယ်ကူရိုးရှင်းမလား၊ ထူးဆန်းရှုပ်ထွေး နေမလား ဆိုတာကိုတော့ စိတ်ဝင်တစားကြည့်ရှုလိုက်ကြပါဦး…
သရဲ (၁၃) ကောင်၏အတ္ထုပ္ပတ္တိများ
၁။ The First Born Son (သားဦးကလေး)
သားဦးကလေးသည် Cowboy ရုပ်ရှင်များ၏ ပရိတ်သတ်ဖြစ်သော Billy Michaels ၏ ဝိညာဉ်ဖြစ်သည်။ တစ်နေ့တွင် အိမ်နီးချင်း တစ်ယောက် သည် သူ့မိဘများ၏ အဝတ် ဗီရိုထဲတွင် စတီးအစစ်ဖြင့်ပြုလုပ်ထားသော မြားတစ်စင်းကိုတွေ့ရှိခဲ့လေသည်။ ထိုအခါ သူက Billy အား အရုပ် သေနတ်ကိုအသုံးပြုစေကာ သူတို့နှစ်ဦးယှဉ်ပြိုင်ကြရန် စိန်ခေါ်ခဲ့သည်။ သို့သော်လည်း Billy အနေနဲ့ ကစားပွဲတွင် မြားပစ်ခွင့်မရခဲ့လိုက်ဘဲ အိမ်နီးချင်း၏ မြှားချက်သည် သူ၏ဦးခေါင်းကို ဖောက်ထွက်၍ သေဆုံးခဲ့ရသည်။ Billy သေဆုံးစဉ်က Cowboy ဝတ်စုံကို ဝတ်ဆင်ထားပြီး ရဲတင်းတစ်လက်ကို ကိုင်ဆောင်ထားသည်။ သူ၏ ဦးခေါင်းတွင်လည်း မြှားတစ်စင်းငေါထွက်နေဆဲဖြစ်ပြီး သူ၏ဝိညာဉ်သည်ကား “သားလည်း ကစားချင်တယ်” ဟူ၍တီးတိုးရေရွတ်နေရှာသည်။
၂။ The Torso (လောင်းကစားသမား)
Torso သည် လောင်းကစားသမား Jimmy Gambino ၏ဝိညာဉ်ဖြစ်သည်။ သူ၏ အချိန်တော်တော်များများသည် ကစားပွဲများတွင် သော်လည်းကောင်း၊ လောင်းကြေး ထပ်ခြင်းများတွင် သော်လည်းကောင်း၊ အနိုင်ရရန် သူတစ်ပါးအားလှည့်ဖျားခြင်း တို့ဖြင့် သာ ကုန်ဆုံးလေ့ရှိသည်။ တစ်နေ့တွင် လူချမ်းသာတစ်ဉီးနှင့် အပေးအယူလုပ်ခဲ့ရာမှ ကြမ္မာငင်ခဲ့လေတော့သည်။ လက်ဝှေ့ပွဲတစ်ခုတွင် အကြီးအကျယ် လောင်းကြေး ထပ်ခဲ့ပြီး နောက် ရှုံးသွားသောအခါ သူ့လောင်းကြေးငွေတွေကိုပြန်ထုတ်ပြီး ထိုမြို့မှထွက်ပြေးဖို့ ကြိုးစားခဲ့သေးသည်။ သို့ရာတွင် လူဆိုးအဖွဲ့နှင့် သူ့ကိုငွေချေးပေးခဲ့သော အနိုင်ရ လက်ဝှေ့သမားတို့သည် Gambinoကို မိသွားပြီးနောက် အပိုင်းပိုင်းခုတ်ကာ ပလပ်စတစ်တိပ်အကြည်နှင့်ထုပ်၍ အလောင်းကိုသမုဒ္ဒရာထဲသို့ မျှောပစ်လိုက်တော့ သည်။ သူ၏တစ္ဆေမှာလည်း ကိုယ်တစ်ပိုင်းပြတ်နေပြီး လက်နှင့်ကြိုးစားလမ်းလျှောက်ရင်း သူ့ဦးခေါင်းလဲလျောင်းရာ တိတ်အကြည်ထဲမှာသာ အော်ဟစ်နေခဲ့တော့သည်။
၃။ The Bound Woman (ရည်းစားများတဲ့မိန်းမချော)
Susan LeGrow ဆိုသူကတော့ အခွင့်ထူးခံအနေနဲ့ မွေးဖွားလာသော Cheerleader (ပန်းပွားအဖွဲ့ဝင်)တစ်ဦးပါ။ သူမက ယောက်ျားများအား မြူဆွယ်ကာ ထည်လဲတွဲပြီး ပစ်ထားခဲ့တယ်လို့ နာမည်ကြီးပါတယ်။ အဲ့တာကြောင့်ပဲ အသည်းကွဲဇာတ်လမ်းတွေ တသီတတန်းကြီးရှိစေခဲ့ပါတယ်။ သူမရဲ့ချစ်သူက သူမ ဖောက်ပြန် နေတာကို မိသွားတဲ့အခါမှာတော့ သူမကိုလည်ပင်းညှစ်သတ်ပစ်ခဲ့ပြီး အခြားအမျိုးသားကိုလည်း သတ်ပစ်ခဲ့ပါတော့တယ်။ သူက သူမအလောင်းကို ပေ၅၀ အကျယ် ရှိတဲ့ သူတို့မြို့က ဘောလုံးကွင်းမှာပဲ မြှုပ်နှံခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူမကောင်လေးက သေမိန့်ချခံခဲ့ရပါတယ်။ သူ့ကိုသေမိန့်မချခင်မှာ စကားတစ်ခွန်းကို ပြောသွားခဲ့ပါသေးတယ်၊ “ဒီခွေးမက ငါ့အသည်းကိုခွဲလို့ ငါကလည်းသူ့ဇက်ကိုချိုးပစ်လိုက်တာ” ပဲဖြစ်ပါတယ်။ သူမရဲ့ဝိညာဉ်ကတော့ ကျောင်းကပွဲဝတ်စုံ ဝတ်ထားပြီး သူမကို လက်ပြန်ကြိုးတုပ်လျက်သားဖြင့် ကြိုးတန်းလန်းနဲ့ တွဲလောင်းချိတ်ဆွဲခံထားရပါတယ်။
၄။ The Withered Lover (စိတ်ပိုင်းဆိုင်ရာအရ ဝမ်းနည်းတတ်သူ)
လေးယောက်မြောက်တစ္ဆေကတော့ Arthurရဲ့ ဇနီးဖြစ်သူJean Kriticos ပဲဖြစ်ပါတယ်။ သူမကပြင်းထန်တဲ့ နေအိမ်မီးလောင်မှုကနေ မိသားစုကိုကယ်ခဲ့ပြီး နောက်မှာတော့ ဒဏ်ရာများကြောင့် ဆေးရုံမှာတင်သေဆုံးခဲ့ရပါတယ်။ သူမရဲ့ဝိညာဉ်က တော့ ဆေးရုံဝတ်စုံဝတ်ဆင်ကာ ဆေးပိုက်တန်းလန်းနှင့်ပေါ်ထွက်လာမှာ ဖြစ်ပြီး သူမရဲ့မျက်နှာမှာတော့ ပြင်းထန်တဲ့မီးလောင်ဒဏ်ရာများ ပေါ်လွင်နေမှာဖြစ်ပါတယ်။ အခြားသော တစ္ဆေတွေနဲ့မတူတာကတော့ သူမက အငြိုးကြီးဝိညာဉ် မဟုတ်ဘဲ ယုတ်မာရက်စက်မှုထက် မိသားစုကို ကူညီဖို့ရွေးချယ်ခဲ့သူဖြစ်ပါတယ်။ ဇာတ်လမ်းပြီးခါနီးမှာတော့ သူမဒဏ်ရာတွေဟာ လုံးဝပျောက်ကင်းသွားပြီး သာမန်အဝတ်အစား နဲ့ထွက်ပေါ်လာမှာဖြစ်ပါတယ်။
၅။ The Torn Prince (ဘေ့စ်ဘောကစားသမား)
ဘေ့စ်ဘောကစားသမားကတော့ ၁၉၄၀ ခုနှစ်မှာမွေးဖွားခဲ့တဲ့ Royace Clayton ရဲ့ဝိညာဉ်ပဲဖြစ်ပါတယ်။ သူဟာ အထက်တန်းကျောင်းတစ်ကျောင်းရဲ့ ဘေ့စ်ဘော ကြယ်ပွင့် အဖြစ်ကောင်းချီးပေးခံရသူတစ်ယောက်ဖြစ်သော်လည်း သဘောထားကွဲလွဲမှု ပြဿနာကတော့ သူဟာအရမ်းအရေးပါအရာရောက်သူ လို့ခံစားနေရတာပဲ ဖြစ်ပါတယ်။ ၁၉၅၇ ခုနှစ်မှာတော့ လမ်းသရဲ ကားပြိုင်သမား တစ်ယောက်ဖြစ်တဲ့ Johnnyက ကားပြိုင်ပွဲတစ်ခုလုပ်ဖို့ သူ့ကို စိန်ခေါ်ခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ကားကအရှိန်မထိန်းနိုင်ဘဲ မှောက်သွားတဲ့အတွက် ဘရိတ်လည်းပြတ်ပြီး သူသေသွားခဲ့ပါတယ်။ သူ့ကိုတော့ ဘေ့စ်ဘောကွင်းရဲ့ ပွဲကြည့်စင်အောက်မှာပဲ မြှုပ်နှံခဲ့ပါတယ်။ သူ့ဝိညာဉ်က ဘေ့စ်ဘောရိုက်တံကို ကိုင်ထားပြီး သူ့မှန်ပုံးရဲ့ နောက်မှာတော့ ပျက်စီးသွားတဲ့သူ့ကားကိုမြင်နိုင်ပါတယ်။ သူ့ရဲ့ခန္ဓာကိုယ်ကတော့ ကားအောက်ကိုဆွဲချခံလိုက်ရတာဖြစ်တဲ့အတွက် မွစာကြဲအောင်စုတ်ပြဲနေပါတော့တယ်။
၆။ The Angry Princess (မိမိအလှမှာမပျော်မွေ့သူ)
မိမိအလှမှာမပျော်မွေ့သူ မိန်းကလေးကတော့ ကိုယ့်ကိုကိုယ်မလှဘူးလို့ထင်နေတဲ့ Dana Newmanဆိုသူပဲဖြစ်ပါတယ်။ သူမထားခဲ့ဖူးတဲ့ရည်းစားတွေက သူမရဲ့ကိုယ့်ကိုကိုယ် အထင်သေးမှုကို မီးလောင်ရာလေပင့် သလိုဖြစ်နေခဲ့ပြီး သူမကိုမလိုအပ်တဲ့ မျက်နှာခွဲစိတ်မှုတွေ အများကြီးလုပ်ဖို့ တွန်းပို့သလိုဖြစ်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူမဟာ မျက်နှာခွဲစိတ်ဆရာဝန်တစ်ယောက်ဆီမှာ အလုပ်လုပ်ခဲ့ပြီး လစာအစား ကုသမှုကိုသာလက်ခံခဲ့ပါတယ်။ တစ်ညမှာတော့ သူမ တစ်ယောက်တည်းရှိနေတုန်း ကိုယ့်ကိုကိုယ်ခွဲစိတ်ဖို့လုပ်ခဲ့ပါတယ်။ ဒါပေမယ့် သူမရဲ့မျက်လုံးတစ်ဖက်ကတော့ ကုလို့မရနိုင်တော့ပဲကွယ်သွားပါတော့တယ်။ သူမဟာ သူမရဲ့ရေချိုးဇလုံထဲမှာပဲ ခန္ဓာကိုယ်အနှံ့ သားလှီးဓါးနဲ့ ထပ်ကာထပ်ကာ မွှန်းပြီးသတ်သေခဲ့ပါတယ်။ သူမအလောင်းကို ရှာတွေ့တဲ့အချိန်မှာ လူတွေက သူမဟာ အသက်ရှိစဉ်ကထက် သေသွားပြီးနောက်ပိုင်း ပိုတောင်လှလာတယ်လို့ မှတ်ချက်ပေးကြပါတယ်။ သူမရဲ့ဝိညာဉ် ကကိုယ်လုံးတီးဖြစ်နေကာ သူမကိုယ်သူမသတ်ခဲ့တဲ့ ဓါးကိုကိုင်ထားပြီး သူမရဲ့ ဒဏ်ရာတွေကို ပြထားပါတယ်။ သူမမှန်ပုံးရဲ့ အတွင်းနံရံမှာတော့ သူမရဲ့သွေးတွေပေနေပါတယ်။ သူမရဲ့ရေချိုးကန်မြင်ကွင်းမှာလည်း “ငါစိတ်မကောင်းပါဘူး” ဆိုတာကို ကြမ်းပြင်ပေါ်မှာ သွေးနဲ့မြင်သာအောင် ရေးထားပါတယ်။ စာတမ်းထိုးတဲ့အခါမှာလည်း သူမရောက်လာတဲ့အခါ သူမရဲ့ သေတမ်းစာမှာရေးခဲ့သလိုမျိုး“ငါစိတ်မကောင်းပါဘူး” ဆိုတဲ့စကားစုကို မှုန်ဝါးဝါးဖော်ပြနေပါလိမ့်မယ်။
၇။ The Pilgrimess (စုန်းမဟုအစွပ်စွဲခံရသူ)
နယ်လှည့်ခရီးသွားသူရဲ့ ဝိညာဉ်ကတော့ Isabella Smithပဲဖြစ်ပါတယ်။ သူမဟာအင်္ဂလိပ်လူမျိုးဖြစ်ပြီး ကိုလိုနီခေတ်မှာ အတ္တလန်တိတ်သမုဒ္ဒရာကိုဖြတ်ပြီး နယူးအင်္ဂလန်တွင် အခြေချနေထိုင်ခဲ့သူဖြစ်ပါတယ်။ သူမပြောင်းရွေ့ခဲ့တဲ့မြို့မှာတော့ သူမဟာအပြင်လူအနေနဲ့ မြို့သားတွေနဲ့မရောနှောဘဲ သီးခြားနေထိုင်ခဲ့ပါတယ်။ မွေးမြူရေးခြံက တိရစ္ဆာန်တွေထူးဆန်းစွာသေဆုံးပြီးနောက်မှာတော့ သူမဟာ အောက်လမ်း ပညာတတ်စုန်းကဝေ ဖြစ်ကြောင်း တွေ့ရှိရပါတော့တယ်။ မီးလောင်နေတဲ့ ကျီထဲက အထိအခိုက်မရှိထွက်လာတဲ့သူမကို ကားစင်မှာအစာရေစာဖြတ်ပြီး အပြစ်ဒဏ် ကျခံစေခဲ့ပါတယ်။ သူမရဲ့ဝိညာဉ်ဟာလည်း ကားစင်မှာ သော့ခတ်ခံထားရဆဲဖြစ်ပါတယ်။
၈နှင့်၉။ The Great and The Dire Mother (ကလေးကြီးနှင့်အလွန်စိတ်ပူတတ်သောမိခင်)
အလွန်စိတ်ပူတတ်သူမိခင်တစ္ဆေကတော့ Margaret Shellburne ပဲဖြစ်ပါတယ်။ ကာနီဗယ်ပွဲမှာဆိုရင်တော့ သူမရဲ့၃ပေသာရှိတဲ့အရပ်ကြောင့် ဆွဲဆောင်မှု အရှိဆုံး သူဖြစ်ခဲ့ပါတယ်။ သူမဟာ အခြားကာနီဗယ်အဖွဲ့က အရပ်ရှည်ရှည်လူ တစ်ယောက် ရဲ့ မှုဒိန်းမှုကျူးလွန်ခြင်းကိုခံခဲ့ရပါတယ်။ Harhold လို့ခေါ်တဲ့ကလေးကြီးက တော့ မှုဒိန်းမှုကြောင့်ရခဲ့တဲ့ ကလေးဖြစ်ပါတယ်။ ကလေးဟာ နောက်ပိုင်းမှာတော့ ပေါင်၃၀၀အထိဖြစ်သွားခဲ့ပါတယ်။ Harholdက သူ့အမေကို ကာကွယ်ဖို့ ဒိုင်းတစ်ခုအဖြစ် ပြုစုပျိုးထောင်ထားသလို ဖြစ်သော်လည်း ကလေးသေးခံလေးဝတ်ထားတဲ့ ကလေးစိတ်သာ ရှိသေးသူဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူတို့အဖွဲ့ကဝန်ထမ်းတချို့က ကလေးကြီးကိုနောက်ပြောင်ဖို့အတွက် မိခင်ဖြစ်သူကို ပြန်ပေးဆွဲခဲ့ပါတော့တယ်။ ဒေါသတကြီး သူ့မိခင်ကိုလိုက်ရှာပြီးနောက်မှာတော့ တရားခံတွေကိုဖမ်းမိခဲ့သော်လည်း သူ့မိခင်ဟာ ဖမ်းခေါ်ထားတဲ့အိတ်ထဲမှာတင် မတော်တဆ အသက်ရှူရပ်ပြီး သေဆုံးနေတာကို တွေ့ခဲ့ရပါတယ်။ အဲ့တာနဲ့ Harholdက ပြန်ပေးဆွဲတဲ့သူတွေကို ပုဆိန်နဲ့ခုတ်သတ်ကာ ကျန်ခဲ့တဲ့အလောင်းတွေကို ပွဲကြည့်ပရိတ်သတ်ကို ပြဖို့ခင်းထားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ပိုင်ရှင်က Harhold လုပ်ခဲ့တာတွေကို သိသွားပြီး အစဖျောက်ပစ်ဖို့ လူဆိုးတွေကို စေခိုင်းခဲ့ပါတယ်။ တစ္ဆေနှစ်ကောင်ဟာ အတူတူရှိနေကြပြီး Harhold ကတော့ ပုဆိန်ကိုကိုင်လျက်သားဖြစ်ကာ သူ့မိခင်က သူ့ကိုအစာခွံ့ကျွေးနေပြီး သွားရေခံမှာဟင်းစတွေပေနေတဲ့ပုံကို မြင်ရမှာဖြစ်ပါတယ်။ တခြားသော DVDတွေမှာကတော့ ကလေးကြီးက အိပ်နေတုန်း သူ့အမေပေါ်ကိုလှိမ့်ရာက မိခင်ကို အသက်ရှူရပ်အောင်လုပ်မိသလိုဖြစ်ပြီး မိခင်သေတဲ့အခါမှာ သူလည်းအစာငတ်ပြီး သေခဲ့ရတယ်လို့ ဆိုကြပါတယ်။
၁၀။ The Hammer (ခွန်အားကြီးမားသူ)
တူသမား တစ္ဆေကတော့ ၁၈၉၀ခုနှစ်လောက်က မြို့ငယ်လေးတစ်ခုမှာ နေထိုင်ခဲ့သော George Markleyအမည်ရှိ ပန်းပဲသမားတစ်ယောက်ပဲဖြစ်ပါတယ်။ သူဟာ ပစ္စည်းခိုးမှုနဲ့ မတရားစွပ်စွဲခံရပြီး မြို့ကနေထွက်သွား ဖို့ခြိမ်းခြောက်ခံရပါတယ်၊ သို့သော်လည်း သူကထွက်သွားဖို့ငြင်းဆန်ခဲ့တာကြောင့် စွပ်စွဲသူဂိုဏ်းအဖွဲ့က သူ့မိန်းမနဲ့ ကလေးတွေကို ကြိုးပေးသတ်ခဲ့ပြီး မီးရှို့ပစ်ခဲ့ပါတယ်။ ကလဲ့စားချေတဲ့အနေနဲ့ George ဟာ သူ့ရဲ့လက်ကိုင်ရိုးရှည်တူနဲ့ တရားခံတွေကို မသေမချင်း ထုသတ်ပါတော့တယ်။ မြို့သားတွေက သူ့ရဲ့ရက်စက်တဲ့လုပ်ရပ်ကို အပြစ်ပေးတဲ့အနေနဲ့ သူ့ကိုသစ်ပင် တစ်ပင်မှာ ကြိုးနဲ့ချည်ပြီး သူ့ရဲ့ခန္ဓာကိုယ်ထဲကို သူကိုယ်တိုင် သူ့ရဲ့တူနဲ့ ရထားလမ်းသုံး သံချောင်းတွေကို ရိုက်ထည့်စေခဲ့ပါတယ်။ နောက်ဆုံးအနေနဲ့ သူတို့ကသူ့ရဲ့ လက်ကိုဖြတ် လိုက်ကြပြီး တူရဲ့လက်ကိုင် အဖြစ်လုပ်ပစ် လိုက်ကြပါတယ်။ ဒါကြောင့်မို့ သူ့ရဲ့ဝိညာဉ်မှာ ရထားလမ်းသုံးသံ တွေငေါထွက်နေပြီး ဘယ်ဘက်လက်မှာ တူနဲ့ဆက်နေတာကို တွေ့ရမှာပါ။
၁၁။ The Jackal (သံလှောင်အိမ်စွပ်နဲ့ခွေးအ)
ခွေးအတစ္ဆေကတော့ ၁၈၈၇ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ Ryan Khun ဆိုတဲ့ပြည့်တန်ဆာ တစ်ယောက်ဖြစ်ပါတယ်။ သူဟာ အမျိုးသမီးတွေအပေါ် တဏှာရာဂကြီးပြီး မုဒိန်းကျင့် လူသတ်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူဟာဆေးကုသမှုခံယူလိုစိတ်နဲ့ စိတ္တဇဆေးရုံကို သူကိုယ်တိုင်သွားခဲ့ပေမယ့် သူနာပြုတစ်ယောက်ကို တိုက်ခိုက်ပြီးနောက်မှာတော့ သူ့ကို မလှုပ်နိုင်အောင် တင်းကြပ်တဲ့ဂျာကင်ဝတ်ပေးပြီး အနာတရမဖြစ်အောင်ကာရံထားတဲ့ ဆေးရုံခန်းထဲကိုထည့်လိုက်ပါတယ်။ နှစ်အနည်းငယ်လောက် အကျဉ်းချထားပြီးတဲ့အခါမှာတော့ သူဟာလုံးဝကိုရူးသွားပြီး လက်သည်းခွံတွေကွာသွားတဲ့အထိ နံရံတွေကို ကြမ်းတမ်းစွာ ကုတ်ခြစ်ပါ တော့တယ်။ ဒါကြောင့်မို့ ဆရာဝန်တွေက သူ့ကိုဂျာကင်နဲ့ အပြီးထုတ်ထားလိုက်ပါတယ်။ သူစိတ်ဖောက်တဲ့အခါမှာ တင်းတင်းကြပ်ကြပ် စည်းထားလိုက်ခြင်းက သူ့ရဲ့အောက်ပိုင်းကို ကြောက်စရာကောင်းလောက်အောင် ပုံပျက်ပန်းပျက် တွန့်လိန်သွားစေခဲ့တယ်။ Ryanက ဆရာဝန်တွေသူ့ခေါင်းကို သတ္တုလှောင်အိမ်ထဲထည့်ပြီး သော့ခတ်ကာ မြေအောက်ခန်းထဲ ထည့်ပိတ်လိုက်တဲ့အထိ သူ့ရဲ့ဂျာကင်ကိုကိုက်ဖြတ်ရင်း သူ့ကိုယ်သူလွတ်မြောက်အောင် ကြိုးစားနေတုန်းပဲ။ အဲ့မှာပဲ သူ့ရဲ့လူတွေနဲ့ ဆက်ဆံရတာ ကို မုန်းတီးစိတ်က ကြီးထွားလာခဲ့ပြီး ရူးနှမ်းစွာလျှောက်အော်လိုက်၊ တစ်ခုခုကသူ့အနား ကပ်လာရင် ကိုယ်ကိုကျုံ့ထားလိုက်နှင့် ဆိုးဝါးနေခဲ့ပါတော့ တယ်။ စိတ္တဇဆေးရုံ မီးလောင်တဲ့ အခါမှာတော့ Ryanကလွဲလို့ ကျန်တဲ့သူတွေအကုန်လွတ်ခဲ့ပါတယ်။ သူဟာအဲ့မှာပဲနေခဲ့ပြီး မီးနဲ့ရင်ဆိုင်ဖို့ ရွေးချယ်ခဲ့ပါတယ်။ တစ္ဆေအနေနဲ့ဆိုရင်တော့ သူ့ရဲ့လက်တစ်ဖက်ဟာ ဂျာကင်အပြင်ကိုရောက်နေပြီး သူ့ခေါင်းကိုချုပ်ထားတဲ့ သတ္တုလှောင်အိမ်ဟာလည်း တန်းလေးတွေကျိုးကျနေခဲ့ပါ တယ်။
၁၂။ The Juggernut (ခွန်အားကြီးပြီးအရက်စက်ဆုံးသူ)
ဒီတစ္ဆေကတော့ ကွင်းဆက်လူသတ်သမား“Breaker”လို့ နာမည်ကြီးတဲ့ Horace Mahoney ပဲဖြစ်ပါတယ်။ သူဟာ ၇ ပေလောက်ရှည်တဲ့ ကလန်ကလား အရပ်ကြီးနဲ့ ပုံပန်းဏ္ဌာန်ကတော့ ကလေးသဖွယ်လူတွေက ဖယ်ကြဉ်ထားကြပါတယ်။ သူ့အမေကသူ့ ကို မွေးကတည်းကစွန့်ပစ်ခဲ့တဲ့အတွက် သူ့အဖေကပဲ ပြုစုပျိုးထောင်ခဲ့ပြီး ကားဟောင်းတွေကို ထုခွဲတဲ့နေရာမှာ အလုပ်လုပ်စေခဲ့ပါတယ်။ သူ့အဖေသေဆုံးပြီး နောက်ပိုင်းမှာတော့ တစ်ယောက်တည်းကျန်ခဲ့ရာကနေ အဆုံးမှာတော့ ရူးသွားခဲ့ပါတယ်။ သူဟာ အမျိုးသမီးကားကြုံလိုက်သူတွေကို ကားဟောင်းတွေရှိရာ ခြံဝင်းထဲကိုခေါ်လာပြီး တစ်စစီဖျက်ဆီးပစ်ကာ သူ့ခွေးတွေကိုကျွေးလေ့ ရှိပါတယ်။ တစ်နေ့မှာတော့ သူခေါ်လာတဲ့ သူဟာခရီးသည်ဟန်ဆောင်ထားတဲ့ ရဲမေတစ်ယောက်ဖြစ်နေပါတယ်။ ရဲမေက အရံအနေနဲ့ SWAT ဆိုသောအဖွဲ့ကို ကားဟောင်းဝင်းတစ်ဝိုက်ကို ခေါ်ထားပြီးဖြစ်ပါတယ်။ အနီးကပ်တိုက်ခိုက်မှု မဖြစ်နိုင်ပေမယ့် ရဲမေဟာ ကားဝန်းထဲမှာပိတ်မိမယ့်အစား ကလန့်ကလားလူကြီးကို ဖမ်းဆီးရမိခဲ့ပါတယ်။ သို့သော်လည်း Horaceက လက်ထိပ်က နေလွတ်ပြီး ရဲအရာရှိ၃ယောက်လောက် အသက်ဆုံးရှုံးခဲ့ရပါတယ်။ လျင်မြန်စွာပဲ SWAT အဖွဲ့မှ အရာရှိ ၅ ယောက်ထပ်ရောက်လာပြီး သေနတ်တွေထုတ်ကာ Horace ကို အားနည်းသွားအောင် မိုးသီးကြွေသကဲ့သို့ ကျည်ဆန်တွေတရစပ် ပစ်ပါတော့တယ်။ နောက်ဆုံးမှာတော့ သူအားကုန်သွားတဲ့အခါမှာ ပိုသေချာအောင်လို့ နောက်ထပ်တစ်ချက် ထပ်ပစ်လိုက်ပါသေးတယ်။ ဒါကြောင့်မို့ သူ့ရဲ့ဝိညာဉ်မှာတော့ သူ့အင်္ကျီတစ်ထည်လုံးမှာ ကျည်ပေါက်ရာတွေတွေ့ရမှာဖြစ်ပြီး အဲ့တာတွေကသူ့ကိုအဆုံးသတ်လိုက်တုန်းက ကျန်ခဲ့တာတွေပဲဖြစ်ပါတယ်။
၁၃။ The Broken Heart (အသဲကွဲနေသူ)
၁၃ယောက်မြောက်တစ္ဆေအဖြစ် Arthur ဖြစ်ပြီး…..