
မင်းသားကြီး Tom Hanks လို့ပြောလိုက်တာနဲ့ သူပါဝင်သရုပ်ဆောင်ခဲ့တဲ့ Forrest Gump တို့ The Green Mile တို့လို ဂန္တဝင်တွင်ဇာတ်ကားတွေနဲ့ တွဲမြင်လေ့ရှိကြမယ်လို့ ထင်ပါတယ်။ The Terminal ဆိုတာကလည်း Tom Hanks ရဲ့ နာမည်ကျော်ကားတစ်ကားပဲဖြစ်ပြီး ဇာတ်အိမ်အနေနဲ့က အတော်လေးဆန်းကြယ်တယ်လို့ ဆိုရပါမယ်။ သူ့ရဲ့သမိုင်းပေးတာဝန်တစ်ရပ်အတွက် ယူအက်စ်ကိုရောက်လာခဲ့တဲ့ဗစ်တာဟာ လေယာဉ်စီးနေစဉ်ကာလအတွင်းမှာ မိခင်နိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့တဲ့အတွက် နိုင်ငံသားတရားဝင်မှုကိုဆုံးရှုံးလိုက်ရပြီး ဗစ်တာ့ရဲ့ပတ်စပို့နဲ့ ဗီဇာတွေဟာလည်း ယူအက်စ်လေဆိပ်အရောက်မှာပဲ တရားမဝင်ဖြစ်သွားခဲ့ရပါတယ်။ ဒီအတွက် သူဟာ မြင်သာမြင်မကြင်ရဆိုသလိုပဲ နယူးယော့ခ်ကိုထွက်တဲ့အပေါက်ကို မျက်စိရှေ့မှာထားပြီး လေဆိပ်မှာပဲ သောင်တင်နေရတာပေါ့။ သူ့ကိုပြဿနာအိုးလို့မြင်နေတဲ့ လေဆိပ်တာဝန်ရှိသူတစ်ယောက်ရဲ့ အမျိုးမျိုးနှောင့်ယှက်မှုတွေအပါအဝင် အင်္ဂလိပ်စကားလည်း ကောင်းကောင်းမတတ်တာကြောင့် အူတူတူအ,တတဗစ်တာဟာ လေဆိပ်မှာ ခက်ခက်ခဲခဲရှင်သန်ရပ်တည်ရင်း သူ့နိုင်ငံကစစ်ပွဲပြီးမဲ့နေ့ကို စောင့်နေခဲ့ရပါတယ်။ ဒီလိုနဲ့ လေဆိပ်ဝန်ထမ်းတချို့နဲ့လည်း မိတ်ဆွေရင်းချာတွေဖြစ်သွားခဲ့တဲ့အခါမှာတော့ သူ့ဘဝဟာလည်း အပြောင်းအလဲတွေ စတင်ကြုံတွေ့ဖို့ဖြစ်လာတာပေါ့။ ဒီဇာတ်ကားက ဗစ်တာ လေဆိပ်မှာသောင်တင်ရင်း ကြုံတွေ့ခဲ့ရတဲ့လူအမျိုးမျိုးရဲ့ စိတ်အထွေထွေကိုရိုက်ကူးပြသထားတာဖြစ်လို့ အနိမ့်အမြင့်အတက်အကျ အရမ်းမများဘဲ အေးအေးငြိမ်ငြိမ်လေးနဲ့ ဆွဲဆောင်မှုတစ်မျိုးရှိတဲ့ ဇာတ်ကားလေးတစ်ကားပါ။ IMDb rating အနေနဲ့ကလည်း 7.4 ထိရထားတာမို့ အထူးအထွေတော့ ညွှန်းနေစရာမလိုလောက်ပါဘူးနော်။ ဇာတ်ကားလေးကြည့်ရင်းပဲ အေးအေးဆေးဆေးအပန်းဖြေလိုက်ကြပါဦး ရွှေပန်းသီးပရိသတ်ကြီးတို့ရေ…