
ကမ္ဘာပေါ်မှာ ချစ်ခြင်းမေတ္တာကိုဖော်ပြဖို့အတွက် ကျွန်တော်တို့လူသားတွေဟာ စကားလုံးတွေကို ကြားခံအဖြစ်သုံးလေ့ရှိကြတယ်။ တစ်ချို့က အကြည့်တွေနဲ့ဖော်ပြကြတယ်။ တစ်ချို့က အမူအရာတွေနဲ့ဖော်ပြကြတယ်။ အကယ်လို့များ စကားလုံးတွေကို ကြားခံအဖြစ်အသုံးမပြုနိုင်တဲ့သူတွေဆိုရင်ရော ဘယ်လိုမျိုး ချစ်ခြင်းမေတ္တာကိုဖော်ပြကြမလဲဆိုတဲ့အကြောင်း ဇာတ်လမ်းမျိုးကို ကြည့်ရှုခံစားချင်တယ်ဆိုရင်တော့ ဒီကားလေးက သင့်အတွက်ပါပဲ။ အကျဉ်းညွှန်းပေးရရင် ဇာတ်ကားကို အမေရိကန်နဲ့ ရုရှား စစ်အေးကာလကို အခြေပြုရိုက်ထားပါတယ်။ ဘယ်သူ့ဘက်က နည်းပညာသာလဲဆိုတာတွေကို ကြိတ်ပြီးပြိုင်နေကြစဉ်မှာ အမေရိကန်ဘက်ကနေပြီးတော့ တောင်အမေရိကဘက်က နတ်ဘုရားလိုအကောင်မျိုးကို ဖမ်းဆီးပြီး စမ်းသပ်မှုတွေလုပ်နေပါတယ်။ အယ်လိုင်ဆာဆိုတဲ့ကောင်မလေးဟာ ငယ်စဥ်ကတည်းက စကားပြောနိုင်ခြင်းမရှိဘဲ ခြေဟန်လက်ဟန်နဲ့သာပြောရပြီး စမ်းသပ်မှုတွေလုပ်နေတဲ့ဓာတ်ခွဲခန်းမှာ သန့်ရှင်းရေးလုပ်ရတဲ့ကောင်မလေးတစ်ယောက်ပါ။ ဖမ်းမိထားတဲ့ သတ္တဝါဆန်းကလည်း စကားမပြောနိုင်ပေမယ့် လူသားတွေလို ခံစားချက်ကိုခံစားနိုင်ပါတယ်။ စထရစ်လန်းဆိုတဲ့သူက သတ္တဝါဆန်းကို နှိပ်စက်လွန်းတာကြောင့် အယ်လိုင်ဆာဟာ သနားကရုဏာသက်ပြီး သတ္တဝါဆန်းကိုကူညီချင်မိခဲ့တယ်။ နှိပ်စက်မှုတွေအပြင်ကို အသေသတ်ပြီးခွဲစိတ်မယ်ဆိုတဲ့အကြောင်း ကြားသိလိုက်ရတဲ့အခါမှာတော့ အယ်လိုင်ဆာ့အနေနဲ့ရပ်ကြည့်မနေနိုင်တော့ဘူး။ ဒီလိုနဲ့ပဲ နောက်ဆက်တွဲ အယ်လိုင်ဆာဟာ သတ္တဝါဆန်းကိုဘယ်လိုကူညီမလဲ၊ ကူညီရင်း ဘာတွေဆက်ဖြစ်ကြမလဲဆိုတာတော့ ဇာတ်လမ်းထဲမှာ ကြည့်ရှုခံစားလိုက်ကြပါဗျ။