
အခုတစ်ခါမှာတော့ ၂၀၂၂ ဇူလိုင်လကမှထွက်ရှိထားတဲ့ ပင်လယ်မိစ္ဆာကြီးတွေနဲ့ မိစ္ဆာလိုက်မုဆိုးတွေရဲ့တိုက်ပွဲကြီးတွေကိုတဝကြီးကြည့်ရှုကြရမယ့် ဇာတ်ကားကောင်းလေးတစ်ပုဒ်နဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းလေးရဲ့အစမှာ ရှေးအခါတုန်းက ပင်လယ်မိစ္ဆာကြီးတွေက လူတွေနေတဲ့ကမ်းတွေပေါ်အထိပါ ရောက်လာကြပြီးတော့ လူတွေကိုသတ်ဖြတ် ဘေးဒုက္ခတွေပေးခဲ့ကြတယ်ဆိုတာကို ပြောပြထားတယ်။ အဲ့လိုမိစ္ဆာကြီးတွေရဲ့ရန်ကနေလွတ်အောင် တော်ဝင်မျိုးနွယ်တွေအနေနဲ့ မိစ္ဆာလိုက်မုဆိုးတွေကို ပင်လယ်ထဲစေလွှတ်ပြီး မိစ္ဆာကြီးတွေကိုသတ်ဖြတ်ခိုင်းခဲ့ကြပါတယ်။ ဒီလိုနဲ့ပဲ ရာစုနှစ်တွေတိုင်အောင် ပင်လယ်မိစ္ဆာတွေနဲ့ မုဆိုးတွေကြားကစစ်ပွဲကြီးဟာ ဆက်တိုက်ဖြစ်နေပါတော့တယ်။ မေစီဆိုတဲ့ မိဘမဲ့ကလေးမလေးတစ်ယောက်ဟာ မုဆိုးမျိုးရိုးကနေဆင်းသက်လာသူဖြစ်ပြီး အင်နက်ထဗယ်ဆိုတဲ့မုဆိုးအဖွဲ့ထဲမှာ တာဝန်ထမ်းဆောင်ချင်နေတဲ့သူပါ။ တစ်နေ့မှာတော့ သူက အင်နက်ထဗယ်သင်္ဘောထဲကိုခိုးလိုက်လာပြီး သူ့ရဲ့အပြောအဆိုအပြုအမူတွေကြောင့် ကပ္ပတိန်ကသူ့ကိုသဘောကျသွားတဲ့အတွက် သင်္ဘောပေါ်မှာအမှုထမ်းခွင့်ရရှိသွားခဲ့ပါတယ်။ အဲ့ဒီအင်နက်ထဗယ်သင်္ဘောကပ္ပတိန် ခရိုးရဲ့မွေးစားသား ဂျေကော့ပ်ဟိုလန်ဟာဆိုရင် ပင်လယ်မိစ္ဆာတွေကိုနှိမ်နင်းတဲ့နေရာမှာ အရမ်းတော်တဲ့သူဖြစ်ပါတယ်။ တစ်နေ့မှာ သူတို့တွေ တိုင်းပြည်ရဲ့အလိုအရှိဆုံးမိစ္ဆာတစ်ကောင်ဖြစ်တဲ့ အနီရောင်ဘလက်စတာကို အင်နက်ထဗယ်အဖွဲ့သားတို့နှိမ်နင်းဖို့ကြိုးစားတဲ့အခါမှာ မအောင်မြင်ခဲ့ဘဲ ဂျေကော့ပ်ဟိုလန်နဲ့ မေစီတို့ဟာ သင်္ဘောကနေလွင့်ထွက်သွားကာ လူစုကွဲသွားကြပါတယ်။ ကွဲသွားရာကနေ ရောက်ရှိသွားခဲ့တဲ့ ပင်လယ်မိစ္ဆာတွေချည်းနေထိုင်တဲ့ကျွန်းပေါ်မှာ သူတို့နှစ်ယောက်ဖွင့်လိုက်တဲ့စွန့်စားခန်းကြီးဟာ အခြေအနေတွေအားလုံးကို ပြောင်းလဲသွားစေမှာပဲဖြစ်ပါတယ်။ ကဲ ဒီတော့ ဂျေကော့ပ်ဟိုလန်နဲ့ မေစီတို့ ဘယ်လိုစွန့်စားခန်းတွေဖွင့်သွားမှာလဲဆိုတာကတော့ အားလုံးပဲ ကြည့်ရှုအားပေးလိုက်ကြရအောင်နော်။