
⚠️ Warning – Uncut version ဖြစ်တာကြောင့် တချို့နေရာတွေမှာ 18+ ဆန်ဆန် ဇာတ်ဝင်ခန်းတွေ ပါပါတယ်။ အသုံးပြုထားတဲ့ သွေးတွေကလည်း ပီပြင်အောင်လုပ်ထားတာမျိုးတွေ သွေးသံရဲရဲအခန်းတွေ အများကြီးပါလို့ သွေးလန့်တတ်သူတွေတော့ မကြည့်ကြဖို့ အသိပေးလိုပါတယ်။ သင်ဟာ Train to Busan ကဲ့သို့သော သရဲတွေလိုက်လို့ ပြေးရတဲ့ ကားမျိုးကို ကြိုက်တတ်တဲ့သူလား? သရဲကားကိုမှ သွေးသံတရဲရဲ သာမန် နဲ့ မတူတဲ့ ကြောက်မက်ထိတ်လန့်စရာကားမျိုးကို ကြိုက်နှစ်သက်သူသာဆိုရင် ဒီကားလေးကိုလည်း ကြိုက်မှာအသေချာပါပဲ။ ဒီဇာတ်ကားကို Taiwan က ထုတ်ထားတာဖြစ်ပြီး Rotten Tomato 95% နဲ့ IMDb မှာလည်း 6.4/10 ထိကို ရရှိထားပါသေးတယ်။သရဲကားတွေမှာ IMDb 6.4 ကျော်တာက ခပ်ရှားရှားပါ။ ဒီဇာတ်ကားက 2021 တုန်းက ထွက်ရှိထားတာဖြစ်ပြီး 1 award winner ရယ် 2 nominations လည်းဝင်ထားတဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ်။ 2021 မှာ COVID လည်း အရမ်းကို ခေတ်ထပြီး ဆိုးရွားနေခဲ့တာဆိုတော့ ဒီကားဟာလည်း COVID virus လို ကူးစက်မြန် virus တစ်မျိုးကိုအခြေခံပြီး virus ကူးစက်ရာကနေ အာရုံကြော ထိန်းချုပ်စနစ်တွေ ပျက်ယွင်းကာ Zombies တွေ ဖြစ်သွားတဲ့ ပုံစံမျိုးကိုရိုက်ကူးထားတာပါ။ ဒီထဲမှာ ပါတဲ့ အဓိက ဇာတ်ကောင်မင်းသားကလည်း ခုလတ်တလောတင် ထိုင်ဝမ်မှာ အတော်ကို နာမည်ပေါက်နေတဲ့ သူတစ်ယောက်ပါ။ အညွှန်းကတော့ အဓိက ဇာတ်ကောင်မင်းသားနဲ့ မင်းသမီးတို့က အတူတူနေတဲ့ သာမန်ချစ်သူနှစ်ဦးပါ။ အဲ့အချိန်မှာ အေဘင် ဘိုင်းရပ်စ် (Alvin Virus ) ဆိုတဲ့ ရောဂါပိုးဟာ ကူးစက်မြန်ကာ ဗီဇပြောင်းပြီး ဒုက္ခပေးနိုင်ကြောင်း ပညာရှင်တွေက သတိပေးထားကြပေမဲ့ သာမန် ပြည်သူတွေက တစ်ယောက်မှကို အရေးမလုပ်ကြပါဘူး။ အဲ့အချိန်မှာ ရောဂါ ထိန်းချုပ်ရေးတွေကိုလည်း ကိစ္စတချို့ကြောင့် စနစ်တကျ မလုပ်နိုင်ခဲ့ပါဘူး။ ဖြစ်ချင်တော့ တကယ်ပဲ ဒီပိုးက မျိုးရိုးဗီဇ ပြောင်းသွားပြီး လူတွေကို ကူးစက်ပျံ့နှံ့ရာကနေ လူသတ်ဖို့သာ သိတော့တဲ့ သွေးရူးသွေးတန်းနဲ့ ကြောက်စရာလူသတ်သမားတွေအဖြစ်ကို ပြောင်းသွားပါတော့တယ်။ ကူးစက်ခံရတဲ့သူတွေက မကောင်းမှုမှန်သမျှကိုသာရွေးလုပ်ကြပြီး စဉ်းစားဆင်ခြင်နိုင်တဲ့အသိတရားတွေလည်း ပျောက်သွားကြပါတော့တယ်။ ဒီလို လူတွေ သွေးသံတရဲရဲနဲ့ အသတ်ခံနေရပြီး ရောဂါ ကူးစက်ခံနေရတဲ့ ကြားမှာ မင်းသားနဲ့ မင်းသမီးက ဘယ်လို ရင်ဆိုင်ရမလဲ၊ ဘာတွေ ကြုံတွေ့ကြဦးမလဲ ဆိုတာတွေအပြင် သူတို့ နှစ်ဦးကြားက အချစ်ဇာတ်လမ်းလေးကိုပါ ခံစားကြည့်ရှုရင်း ဒီကပ်ဘေးကြီးကို သူတို့ လွတ်မြောက်ကျော်လွှားနိုင်ကြပါ့မလားဆိုတာကို ရင်တထိတ်ထိတ် နဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်။