
ဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ၂၀၂၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “The Crossing” ဆိုတဲ့ ပြင်သစ်အန်နီမေးရှင်း ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့ စစ်ဖြစ်ပွားရာကာလအတွင်း လူမျိုးအသီးသီးက ကိုယ်ပိုင်နယ်နိမိတ်သတ်မှတ်လိုက်ကြတဲ့အခါ ဖိနှိပ်သတ်ဖြတ်ခံရတဲ့လူမျိုးတွေဟာ ရွှေ့ပြောင်းဒုက္ခသည်တွေအဖြစ် ထွက်ပြေးတိမ်းရှောင်ကြရပြီး ဖိနှိပ်ချုပ်နှောင်မှုတွေကြားကနေ လွတ်မြောက်ဖို့ ကြိုးစားအားတင်းရင်း ခရီးဆက်ကြရတဲ့အကြောင်းကို ရိုက်ကူးတင်ဆက်ထားတာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ထူးခြားချက် အနေနဲ့ကတော့ သာမန်တွေ့မြင်နေကျ အန်နီမေးရှင်း ပုံစံမျိုးနဲ့ တင်ဆက်ထားတာမျိုး မဟုတ်ဘဲ၊ ဆီဆေးပန်းချီကားတွေကို အန်နီမေးရှင်းအဖြစ် ပုံဖော်အသက်သွင်းထားတာပါပဲ။ တစ်မူထူးတဲ့ အန်နီမေးရှင်းဟန်အပြင် ဇာတ်ကြောင်းကို ပြန်လည်ပြောပြဟန်နဲ့ ဒါရိုက်တာ “Florence Miailhe” က ဇာတ်လမ်းတစ်ခုလုံးကို စိတ်ဝင်စားဖွယ်ဖြစ်အောင် လက်ရာကောင်းကောင်းနဲ့ တင်ဆက်ပေးထားပါတယ်။ ဇာတ်လမ်းကို ကျိုနာဆိုတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ကိုယ်တွေ့ဖြစ်ရပ်ကို ပြန်ပြောင်းပြောပြဟန်နဲ့ အစပြုထားပြီး၊ အဓိကဇာတ်ဆောင်တွေအနေနဲ့ ကျိုနာနဲ့ အန်ဒရီရယ်တို့ မောင်နှမနှစ်ယောက် ပါဝင်ပါတယ်။ ကျိုနာတို့မောင်နှမဟာ နိုဗီဗာနာဆိုတဲ့ ရွာငယ်လေးမှာ မိသားစုနဲ့အတူ အေးချမ်းစွာ နေထိုင်ခဲ့ကြပေမယ့် ဥရောပစစ်ကြီးအတွင်းမှာတော့ စစ်ဘေးရှောင်ဖို့ ဖြစ်လာခဲ့ကြပါတော့တယ်။ အဖျက်ဆီးခံရလုဆဲဆဲ ရွာလေးကနေ တစ်ဖက်နယ်စပ်က ဝမ်းကွဲဦးလေးဆီကို မိသားစုနဲ့အတူ ခရီးဆက်ခဲ့ကြရတော့တာပါပဲ။ လမ်းခရီးမှာ မိဘတွေနဲ့ ညီငယ်၊ ညီမငယ်တွေဟာ ထိန်းသိမ်းခံလိုက်ရပြီး သူတို့နှစ်ယောက်တည်း ခရီးဆက်ကြဖို့ ဖြစ်လာပါတော့တယ်။ ခရီးလမ်းတစ်လျှောက်မှာ မောင်နှမနှစ်ယောက်ကြား သဘောထားကွဲလွဲမှုတွေ၊ မတူညီတဲ့အမြင်တွေ ရှိခဲ့ကြပေမယ့် ကြုံတွေ့ရသမျှ အခက်အခဲတွေကို အတူရင်ဆိုင်ပြီး၊ တစ်နေ့ မိဘတွေနဲ့ ပြန်ဆုံဖို့ မျှော်လင့်ရင်း တစ်ဖက်နယ်စပ်ဆီ ရှေ့ဆက်ခဲ့ကြပုံကို အတူတူစီးမျောရင်း ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ စစ်ကြီးအတွင်းမှာ ကျိုနာနဲ့ အန်ဒရီရယ်တို့နှစ်ယောက် ခရီးလမ်းတစ်လျှောက် တွေ့ဆုံခဲ့ရတဲ့ လူအမျိုးမျိုး၊ အခက်အခဲတွေနဲ့ အဖြစ်အပျက်တွေကြားကနေမှ မောင်နှမနှစ်ယောက်ရဲ့သံယောဇဉ်၊ ယုံကြည်မှု၊ မျှော်လင့်ချက်တွေနဲ့ ရှင်သန်ဖို့ကြိုးစားကြပုံကို ဒီဇာတ်ကားလေးကနေ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတယ်။