
သိပ်မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ Soul ဆိုတဲ့ Animation ကားလေးဟာဆိုရင် နိုင်ငံတကာမှာဟိုးလေးတကျော်ကျော် ဖြစ်သွားတဲ့ ကားလေးဆိုမမှားပါဘူး။ ကာတွန်း Animation ဆိုပေမယ့် အနှစ်သာရအရမ်းရှိတဲ့ဇာတ်ကားလေးဖြစ်လို့ ကြည့်ရတာတကယ်တန်တဲ့ ကားလို့ ပြောချင်ပါတယ်။ အထက်တန်းကျောင်းကအချိန်ပိုင်းတီးဝိုင်းဆရာ ဂျိုးဂါ့ထ်နာတစ်ယောက် ကံလေးတက်လာတော့ အချိန်ပြည့်ဆရာအဖြစ် တာဝန်ယူရတော့မယ့်အချိန်၊ မိမိသဘောကျတဲ့ Dorothea Williamsရဲ့ The Half Note club မှာလည်း လူလိုလို့ ကမ်းလှမ်းခံရတဲ့အခါမှာ အပျော်လွန်ပြီး မြောင်းထဲပြုတ်ကျခဲ့ရာကနေ ဇာတ်လမ်းစပါတော့တယ်။ မေ့မျောနေတဲ့အချိန် ဘဝကူးပြောင်းပေးတဲ့ လောကကို ရောက်ရှိ သွားတဲ့အခါ သူ့အိပ်မက်တွေအကောင်အထည်ပေါ်ကာနီး ဂျိုးဂါ့ထ်နာတစ်ယောက် ဒီလောကကနေ ဘယ်လိုလွတ်မြောက်အောင်လုပ်မလဲ။ ဘဝ မကူးခင် ဝိညာဉ်လမ်းပြဆရာတစ်ယောက်အဖြစ်တာဝန်ယူရတဲ့အခါ သူ့ရဲ့တွဲဖက်ဝိညာဉ်လေးရဲ့ လက်ပေါက်ကပ်မှုတွေ၊ လမ်းဆုံးရောက်နေတဲ့ စိတ်ပျက်ဝမ်းနည်းမှုတွေအကြား ဘယ်လိုရုန်းကန်ဖြေရှင်းကြမလဲကိုသိချင်ရင်တော့ ဒီကားလေးကိုကြည့်လိုက်ကြဖို့မမေ့ပါနဲ့။ စိတ်ဓာတ်ကျပြီး လမ်းပျောက်နေတဲ့ သူတွေအနေနဲ့ ဒီကားလေးကြည့်ပြီး motivated ဖြစ်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။