
ရုပ်ရှင်ရဲ့အစမှာတော့ အမျိုးသမီးတစ်ယောက်ရဲ့ နာနာကျင်ကျင် အော်ဟစ်သံတွေကိုကြားနေရပြီး ခပ်လှမ်းလှမ်းမှာ အမျိုးသားတစ်ယောက်က ဆေးလိပ်သောက်ရင်း မတ်တပ်ရပ်နေပါတယ်။ မကြာခင်မှာပဲ သူ့နားကို အမျိုးသမီးတစ်ယောက် ရောက်လာပြီး သူ့ကို လိပ်စာတွေရေးထားတဲ့ စာရွက်ခပ်နွမ်းနွမ်းတစ်ရွက် ပေးလိုက်ပါတယ်။ အဲ့ဒီနောက်မှာတော့ ဇာတ်လမ်းအစတုန်းက အော်ဟစ်နေတဲ့ အမျိုးသမီးကို စာရွက်လာပေးတဲ့ အမျိုးသမီးက ဓာတ်ဆီလောင်း မီးရှို့ပြီး သတ်ပစ်လိုက်ပါတယ်ဗျ။ ဒီလို ရက်စက်မှုတွေရဲ့ နောက်ကွယ်မှာ ဘယ်လိုအကြောင်းအရာတွေ ရှိနေမလဲ၊ ဘာလို့ ဒီလောက်ထိ နာကျည်းနေကြတာလဲဆိုတာကိုတော့ ဒီ Saani Kaayidham ဆိုတဲ့ တမီလ်စကားပြောရုပ်ရှင်ထဲမှာ မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ Saani Kaayidham ဆိုတာကတော့ မြန်မာလို ခပ်နွမ်းနွမ်းစက္ကူလို့ အဓိပ္ပါယ်ရပါတယ်ဗျ။ ဒီရုပ်ရှင်ကိုတော့ Amazon Prime ကနေ ရိုက်ကူးထုတ်လွှင့်ခဲ့တာဖြစ်ပြီး မတရားမှုကို လက်စားပြန်ချေတဲ့ အက်ရှင်၊ မှုခင်း ရုပ်ရှင်အမျိုးအစားပဲဖြစ်ပါတယ်။ Amazon Prime က ထုတ်တဲ့ အိန္ဒိယရုပ်ရှင်တွေဟာဆိုရင် အရည်အသွေးညံ့တာမျိုး မရှိသလောက်ရှားတယ်ဆိုတာ သတိထားမိတဲ့သူတွေ သိကြမှာပါဗျ။ ဒီရုပ်ရှင်ဟာဆိုရင်လည်း မင်းသမီး ကရီသီးဆူရက်ရှ်ကလွဲလို့ ချောချောလှလှ မျက်နှာပိုင်ရှင်တွေမပါဘဲ သဘာဝကျကျနဲ့ ဇာတ်လမ်းကို တကယ်ဖြစ်နေတဲ့ vibe မျိုးရအောင် တင်ဆက်ပြထားပါတယ်။ ဒီဇာတ်လမ်းဟာဆိုရင် ဖြစ်ရပ်မှန်အပေါ်လည်း အခြေခံထားပြီး သွေးထွက်သံယိုပြကွက်တွေနဲ့ ကြမ်းတမ်းတဲ့ အပြောအဆို၊ အသုံးအနှုန်းတွေ ပါဝင်တဲ့အတွက် အသက်မပြည့်သူတွေနဲ့ နှလုံးအားနည်းသူတွေ ကြည့်ရှုဖို့မသင့်တော်ပါဘူးခင်ဗျ။ မှုခင်း၊ အက်ရှင် ဇာတ်လမ်းကြိုက်တဲ့သူတွေ သေချာပေါက်သဘောကျမယ့် အဖိနှိပ်ခံအမျိုးအသမီး တစ်ယောက်ရဲ့ ကလဲ့စား ပုံပြင်တစ်ပုဒ်ကို ဒီ Saani Kaayidham ဆိုတဲ့ ရုပ်ရှင်ထဲမှာ သဘာဝဆန်ဆန် မြင်တွေ့ရမှာပဲဖြစ်ပါတယ်။