
ကပ္ပတိန် ဗစ်ကရန့်ခန်နာကတော့ Photographic Memory လို့ခေါ်တဲ့ အရာရာတိုင်းကို တစ်ခေါက်ကြည့်ရုံနဲ့ မှတ်မိနိုင်တဲ့ ဓာတ်ပုံ မှတ်ဉာဏ်မျိုးကို ပိုင်ဆိုင်ထားတဲ့ လေယာဉ်မှူးတစ်ယောက်ပဲဖြစ်ပါတယ်။ သူဟာ ဉာဏ်ကြီးရှင်တွေရဲ့ထုံးစံ ကန့်လန့်တိုက်တတ်တဲ့ အပြုအမူလေးတွေ ရှိတတ်ပေမဲ့ လေယာဉ်မောင်းနှင်ရာမှတော့ အင်မတန် စေ့စပ်သေချာတဲ့သူဖြစ်ပါတယ်ဗျ။ တစ်နေ့မှာတော့ တခြားသူ တစ်ယောက်ရဲ့ အမှားကြောင့် လေယာဉ်ပျက်ကျမယ့်ဘေး ကြုံခဲ့ရပေမဲ့ သူ့အရည်အချင်းကို သုံးပြီး ခက်ခက်ခဲခဲနဲ့ အားလုံးကို ကယ်တင် နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒါကို အထက်ပုဂ္ဂိုလ်တွေက မကျေနပ်ဘဲ နာရာယန်းဗီဒန့်ဆိုတဲ့ နောက်ထပ် ဉာဏ်ကြီးရှင်တစ်ယောက်ကို အဲ့ဒီအမှုအတွက် စုံစမ်းစစ်ဆေးဖို့ တာဝန်ပေးခဲ့ပါတယ်။ ဉာဏ်ကြီးရှင်နှစ်ယောက်ဖြစ်တဲ့ ဗစ်ကရန့်နဲ့ နာရာယန်းတို့ရဲ့နေရာမှာ ဝါရင့်မင်းသားကြီးတွေ ဖြစ်ကြတဲ့ အဂျေးနဲ့ အမီတာဘဂျမ်းတို့က အပြိုင်ကြဲပြီး သရုပ်ဆောင်ထားကြပါတယ်ဗျ။ ဒီ Runway 34 ဆိုတဲ့ ရုပ်ရှင်ဟာဆိုရင် ၂၀၁၅ ခုနှစ်တုန်းက အိန္ဒိယနိုင်ငံမှာ တကယ်ဖြစ်ခဲ့တဲ့ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး IMDb rating လည်း 7.3 ထိ ရရှိထားတဲ့အတွက် သည်းထိပ်ရင်ဖိုရုပ်ရှင်ကြိုက်သူတွေ လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်ဗျ…။