
ဒီတစ်ခါမှာတော့ အမျိုးသမီးတွေရဲ့အခွင့်အရေးအတွက် အခက်အခဲတွေကိုကျော်ဖြတ်ပြီး သတ္တိရှိရှိနဲ့ကြိုးစားခဲ့တဲ့ အမီနာဆိုတဲ့ မလေးရှားနိုင်ငံရဲ့ပထမဆုံး အမျိုးသမီးဆရာမလေးအကြောင်း ရိုက်ကူးထားတဲ့ ၂၀၂၂ ထွက် ဇာတ်ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေရှင်။ အမီနာဟာ မလေးရှားနိုင်ငံရဲ့ ဗြိတိသျှကိုလိုနီခေတ်မှာမွေးဖွားလာခဲ့တဲ့ အမျိုးသမီးလေးတစ်ယောက်ဖြစ်ပါတယ်။ သူမွေးဖွားကြီးပြင်းလာတဲ့ကာလဟာ ဖိုဝါဒအလွန်အမင်းကြီးစိုးတဲ့ကာလဖြစ်ပြီး ယောက်ျားသားတွေသာ ကျောင်းတက်ခွင့်ရှိတယ်၊ မိန်းကလေးတွေဟာ မီးဖိုချောင်ထဲမှာပဲနေရမယ်ဆိုတဲ့ ပြင်းထန်တဲ့အယူတွေအပြင် မိန်းမသားတွေဟာ သားကိုသခင် လင်ကိုဘုရားလိုကိုးကွယ်ရမယ်။ လင်ယောက်ျားက ရိုက်ပုတ်အနိုင်ယူနေရင်တောင် သည်းခံပြီးပေါင်းသင်းရမယ်ဆိုတဲ့အယူတွေကို လက်ကိုင်ထားခဲ့ကြတာပေါ့။ လင်ယောက်ျားမရှိတဲ့မိန်းမတွေကို ကျက်သရေမရှိတဲ့မိန်းမတွေလို့သတ်မှတ်ပြီး အသိုင်းအဝိုင်းကနေဖယ်ကျဉ်ကြပါတယ်။ ဒါပေမဲ့လည်း အမီနာကတော့ abusive ဖြစ်တဲ့အိမ်ထောင်ရေးတစ်ခုမှာ ခေါင်းငုံ့ခံမနေဘဲရုန်းထွက်ပြီး အိမ်ပေါ်ကနေဆင်းလာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဂျိုဟန်လို့ခေါ်တဲ့ သူ့ကိုသဘောကျနေတဲ့အမျိုးသားလေးအကူအညီနဲ့ စာရေးစာဖတ်သင်ပြီး သူသိပ်ဖြစ်ချင်ခဲ့တဲ့ဆရာမဖြစ်ဖို့ ကြိုးစားခဲ့တာပေါ့။ ဒါပေမဲ့ အမျိုးသမီးတွေကို ကျောင်းတက်ခွင့်မပြုတဲ့ကာလမို့ အမီနာဟာ သူ့ရည်မှန်းချက်တွေပြည့်ဖို့ကြိုးစားရင်း အခက်အခဲပေါင်းစုံနဲ့ရင်ဆိုင်ခဲ့ရပုံတွေ သူသိပ်ဖြစ်ချင်ခဲ့တဲ့ အမျိုးသမီးကျောင်းလေးဖွင့်လှစ်နိုင်ခဲ့ပုံတွေကို ဘဝဇာတ်ကြောင်းဆန်ဆန် စိတ်ဝင်စားစရာ သနားစရာကောင်းအောင်ရိုက်ပြထားတာမို့ ဇာတ်ကားလေးကြည့်ရှုခံစားရင်း အမျိုးသမီးတွေဖိနှိပ်ခံခဲ့ရတဲ့ကာလတွေရဲ့ဆိုးဝါးပုံကို ကြည့်လိုက်ကြရအောင်နော်။