
ရာမမင်းသားဟာ ရာဝဏရဲ့လက်ထဲကနေ သီတာဒေဝီကိုကယ်တင်ဖို့အတွက် လင်္ကာပြည်ကို စစ်ချီတဲ့အချိန် လင်္ကာပြည်ကိုသွားတဲ့လမ်းမှာ ပင်လယ်ကြီး ခြားနေတာကြောင့် ဟာနုမာန်မျောက်မင်းရဲ့အကူအညီနဲ့ ပင်လယ်ပေါ်မှာ ကျောက်တံတားတစ်စင်း ခင်းခဲ့ပါတယ်။ အဲ့ဒီတံတားဟာ အိန္ဒိယနိုင်ငံရဲ့ အမွေအနှစ်တစ်ခုဖြစ်ပြီး ခေတ်အဆက်ဆက်ကလူတွေက အဲ့ဒီတံတားကို ရာမတံတားလို့ အဓိပ္ပါယ်ရတဲ့ ရမ်စေတူလို့ ခေါ်ကြပါတယ်ဗျ။ ဒေါက်တာ အာရီယန်ကူရှရက်သာဟာ လက်တွေ့ကျတာကိုပဲယုံကြည်တဲ့ ဘာသာမဲ့ ရှေးဟောင်းသုတေသနပညာရှင် တစ်ယောက်ပဲဖြစ်ပါတယ်။ တစ်နေ့မှာတော့ ကုန်သွယ်ရေးကုမ္ပဏီကြီးတစ်ခုကနေပြီး သူတို့ရဲ့ ကုန်သွယ်ရေး သင်္ဘောလမ်းကြောင်း တိုစေဖို့အတွက် အစိုးရနဲ့ပေါင်းကာ ရမ်စေတူကို ဖြိုချမယ့်စီမံကိန်းတစ်ခု ဖော်ဆောင်ဖို့ကြိုးစားခဲ့ပါတယ်။ အဲ့ဒီစီမံကိန်းအတွက် ရမ်စေတူကို အရှင်ရာမက ခင်းခဲ့တာမဟုတ်ဘဲ သဘာဝကျောက်တန်းဖြစ်ကြောင်းသက်သေပြဖို့ ဒေါက်တာအာရီယန်ကို ပြန်တမ်းတစ်စောင် ရေးစေခဲ့ပါတယ်ဗျ။ သူ့ရဲ့ပြန်တမ်းဟာ လူတွေကြားမှာ အငြင်းပွားစရာဖြစ်နေခဲ့ပြီး သူ့ရဲ့မိသားစုကိုပါ ထိခိုက်မှုတွေရှိလာတာကြောင့် အမှန်တရားဘက်တော်သားအာရီယန်ဟာ ကုန်သွယ်ရေးကုမ္ပဏီအကူအညီနဲ့ ရမ်စေတူကို စနစ်တကျလေ့လာပြီး အမှန်တရားကို ဖော်ထုတ်ဖို့ ကြိုးစားရင်း နှစ် ၇၀၀၀ ကျော်သမိုင်းကြောင်းတစ်ခုကို တူးဆွတဲ့ စွန့်စားခန်းတစ်ပုဒ်ဖြစ်လာပါတော့တယ်ဗျ။ Indiana Jones တို့ National Treasure တို့လို ဂူတွေတူးဖောက်တဲ့ဇာတ်လမ်းကြိုက် ပရိသတ်တွေအတွက် ဒီ Ram Setu က အချိန်ပေးရတာ သေချာပေါက်တန်မယ့် ရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်လိုက် ဒေါက်တာ အာရီယန်ရဲ့ နေရာမှာတော့ မင်းသားကြီး အရှေးကူးမားက သရုပ်ဆောင်ထားပြီး ဒီရုပ်ရှင်က အရှေးကူးမားရဲ့ ၂၀၂၂ ထွက်သမျှရုပ်ရှင်တွေထဲမှာ ကြည့်ရအတန်ဆုံးလို့ ပြောလို့ရတာကြောင့် တကယ်ကို လက်မလွှတ်သင့်တဲ့ ရုပ်ရှင်ဖြစ်ပါတယ်ဗျ…။