
ဒီလောကမှာ ဘယ်သူမှ အနာရောဂါနဲ့မသေချင်ကြဘူးဆိုပေမဲ့ သေလောက်တဲ့ရောဂါတစ်ခုစွဲကပ်လာတဲ့အခါ အနည်းဆုံးတော့ သေရတော့မှာကြိုသိတဲ့သူတွေက ရုတ်တရက်သေသွားရသူတွေထက် ပြင်ဆင်ချိန်ပိုရတယ်မဟုတ်လား။ ဒီတစ်ခါမှာတော့ နောက်ဆုံးထွက်ထိုင်းကားလေးတစ်ကားဖြစ်တဲ့ One for the Road ဆိုတဲ့ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားလေးက အနိမ့်အမြင့်တွေတအားမပါဘဲ ဖြည်းဖြည်းငြိမ့်ငြိမ့်လေးနဲ့ ပရိသတ်ကိုဆွဲခေါ်သွားမဲ့ ဇာတ်ကားတစ်ကားပါ။ ဇာတ်လမ်းအကျဉ်းကတော့ ကိုယ့်ကိုယ်ကိုယ် သွေးကင်ဆာရောဂါရှိနေပြီလို့ သိလိုက်ရတဲ့အုဒ်ဟာ သူ့ဘဝမှာနောက်ဆုံးအနေနဲ့ ဆန္ဒတစ်ခုကိုအကောင်အထည်ဖော်ဖို့ နိုင်ငံရပ်ခြားကသူငယ်ချင်းဖြစ်သူ ဘော့စ်ကို လှမ်းခေါ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူ့ဘဝမှာ မှားခဲ့ဖူးတဲ့သူတွေကို တောင်းပန်ဖို့နဲ့ ကျေးဇူးတင်ထိုက်သူတွေကို ကျေးဇူးတင်ရင်းနှုတ်ဆက်ဖို့အတွက် သူငယ်ချင်းနှစ်ယောက်သား ကားတစ်စီးနဲ့ ခရီးထွက်ခဲ့ကြပါတော့တယ်။ ဒီလိုနဲ့တစ်ယောက်ပြီးတစ်ယောက် တွေ့လာကြရင်း သူ့သူငယ်ချင်းဘော့စ်အလှည့် ရောက်လာတဲ့အခါမှာတော့ ထင်မှတ်မထားဘဲ အပြောင်းအလဲလေးတွေ ဖြစ်လာခဲ့ပါတယ်။ တစ်ယောက်ရဲ့နှလုံးသားရေးမှာတစ်ယောက် ဆက်နွယ်မှုလေးတွေရှိနေတဲ့ သူတို့နှစ်ယောက်ရဲ့အဆုံးသတ်ကဘာလဲ။ တကယ်ပဲတောင်းပန်သင့်သူတွေကို အုဒ်အနေနဲ့ တောင်းပန်ခွင့်ရလိုက်ရဲ့လားဆိုတာကို ဇာတ်ကားလေးကြည့်ရင်း အေးအေးဆေးဆေးခံစားကြည့်ကြပါဦးနော်…