ဒီဇာတ်ကားကတော့ သိပ်မကြာသေးခင်က ထွက်ထားတဲ့ တရုတ်ဇာတ်ကားပါ။ ဒီကားဟာဆိုရင် ဟောင်ကောင်ရဲ့ အစောပိုင်းကာလတွေမှာ ဖြစ်ပွားခဲ့တဲ့ ခြစားမှုတွေကို အခြေခံပြီး စိတ်ကူးယဉ် ရိုက်ကူးထားတာပါ။ ဆိုရရင် အဲ့ဒီအချိန်က ဟောင်ကောင်ရဲ့ အုပ်ချုပ်ရေး ခြစားမှုတွေကို မီးမောင်းထိုးပြီး ရိုက်ပြထားပါတယ်။ ဇာတ်လမ်းအကျဉ်းဆိုရရင်တော့ဖြင့် ဟောင်ကောင်ရဲ့ ခြစားမှုတွေဟာ များသထက် များလာပြီး ပြည်သူ တွေမှာ ရဲကိုကြောက်ကြ လူဆိုးဂိုဏ်းတွေကို ကြောက်ရနဲ့ ဒုက္ခအတိရောက်နေကြပါတယ်။ ဒီလိုအချိန်မှာ ဗြိတိသျှဘုရင်ခံက ခြစားမှု တိုက်ဖျက်ရေးအဖွဲ့ (ICAC) ကို ဖွဲ့စည်းဖို့ ညွှန်ကြားလာပါတယ်။ ဒါကြောင့် မတရားမှုကို ရွံ့မုန်းတဲ့ ချန်ခဲ့နဲ့ သူ့သူငယ်ချင်း ပိုင်စုန်းအန်းတို့ဟာ ဟောင်ကောင်က ခြစားမှုကို တိုက်ဖျက်ဖို့အတွက် လူအင်အား စုဆောင်းပြီး အားထုတ်ကြိုးပမ်းပါတော့တယ်။ သူတို့တွေ တကယ်ပဲ ခြစားမှုကို တိုက်ထုတ်နိုင်ခဲ့သလား ဆိုတာကိုတော့ ပရိသတ်ကြီးပဲ ကိုယ်တိုင် ကြည့်ရှုခံစားကြည့်လိုက်ပါ။