
ဂျက်ကီချန်းရဲ့ ပရိသတ်တွေ ဆိုရင်တော့ ဒီဇာတ်ကားကို သိကြမယ် ထင်ပါတယ်။ ဒီကားလေးက ၂၀၀၄ ခုနှစ်မှာ ရိုက်ကူးထားပြီး ဂျက်ကီချန်း အပါအဝင် တခြား နာမည်ကြီး မင်းသားတွေလည်း အများကြီး ပါဝင် သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီကားက ဂျက်ကီချန်းရဲ့ တော်တော်များများ ဇာတ်ကားတွေလို ဟာသတော့ မဟုတ်ပါဘူး။ ချတဲ့ အခန်းတွေ၊ ဒရမ်မာတွေ အများကြီး ပါပါတယ်။ ဇာတ်လမ်း အစကတော့ ဂျက်ကီချန်း သရုပ်ဆောင် ထားတဲ့ “ချန်ကော်ယုံ”ဆိုတဲ့ ရဲမှူးကြီးက ရာထူးလည်း မြင့်၊ ဆုတွေလည်း အများကြီး ရထားတဲ့ ရဲဌာနက အရမ်းကို ထူးချွန်တဲ့ လူတစ်ယောက်ပါ။ ဒါပေမဲ့ “ချန်ကော်ယုံ”က တော်သလို နည်းနည်းလည်း မာန်ရှိတယ်လို့ ပြောရမယ်။ သူ့ရဲ့ ဝင့်ကြွားမှုကြောင့် သူ ဦးဆောင်တဲ့ ရဲတပ်ဖွဲ့က အဖြစ်ဆိုးကြီး တစ်ခုနဲ့ ကြုံတွေ့ခဲ့ရပြီး “ချန်ကော်ယုံ”တစ်ယောက်ဟာ အရက်အိုးထဲပဲ နစ်နေတဲ့ အမူးသမား တစ်ယောက် ဖြစ်သွားခဲ့ပါတယ်။ အဲ့ဒီ အမူးသမား “ချန်ကော်ယုံ”ရဲ့ ဘဝကို နောက်ထပ် တစ်ခေါက် အလင်းရောင် ပေးနိုင်မယ့် ကောင်လေး “ကျန့်ရှောင်ဖုန်း”က သူ့အနားကို ရောက်လာခဲ့ပါတော့တယ်။ ချတဲ့ အခန်းတွေ ဇာတ်လမ်း ဇာတ်ကွက်တွေကတော့ ပြောစရာ မလိုအောင် ကောင်းပြီးသားပါ။ အရမ်းလည်း နာမည်ကြီးတဲ့ ဇာတ်ကားလေး ဖြစ်လို့ မကြည့်သေးရင်ပဲ ဖြစ်ဖြစ် ကြည့်ပြီးရင်ပဲ ဖြစ်ဖြစ် ပြန်လည် ကြည့်ရှုလိုက်ပါဦးနော်။