
တစ်ယောက်နဲ့တစ်ယောက် ကွာဟမှုကြီးမားတဲ့ လူနှစ်ယောက်ကြားမှာ အချစ်တစ်ခုပေါက်ဖွားရှင်သန်နိုင်သလား? ဒီတစ်ခါမှာတော့ ဘရက်ပစ်နဲ့ ဂျိုလီရဲ့ အက်ရှင်ကားကောင်းလေးတစ်ကားဖြစ်တဲ့ Mr. and Mrs. Smith ဆိုတဲ့ကားလေးနဲ့ မိတ်ဆက်ပေးပါရစေနော်။ ဂျွန်နဲ့ ဂျိန်းတို့ဟာ ကိုလံဘီယာနိုင်ငံရဲ့မြို့လေးတစ်မြို့မှာ တွေ့ဆုံခဲ့ကြပြီး တစ်ယောက်အပေါ်တစ်ယောက် မြင်မြင်ချင်းချစ်ကျွမ်းဝင်မိတဲ့အတွက် ၆ ပတ်အကြာမှာပဲ လက်ထပ်ခဲ့ကြပါတယ်။ ဒါပေမဲ့လည်း တစ်ယောက်အကြောင်းတစ်ယောက် ဘာဆိုဘာမှမသိ အကြိုက်ချင်းလည်းမတူ စိတ်ချင်းလည်းမနီးစပ်ခဲ့တာမို့ သူတို့ကြားကအကွာအဝေးဟာ တဖြည်းဖြည်းကြီးလာပြီး အိမ်ထောင်ရေးမှာ အဖုအထစ်ကလေးတွေ ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ကံကြမ္မာအလှည့်အပြောင်းကြောင့် စစ်ဆင်ရေးတစ်ခုမှာ မမျှော်လင့်ဘဲ သူတို့နှစ်ယောက်ဟာ ပြိုင်ဘက်အဖွဲ့အစည်းနှစ်ခုရဲ့ အထူးကျွမ်းကျင်လုပ်ကြံသတ်ဖြတ်ရေးသမားတွေဖြစ်ကြောင်း အချင်းချင်းသိသွားကြတဲ့အခါမှာတော့… သူတို့ကြားမှာရှိတဲ့ မီးပွားလေးဟာ ဝုန်းခနဲထတောက်လာခဲ့ပြီး ပြိုင်မျဉ်းနှစ်ကြောင်းကြားမှာဖြစ်ပေါ်လာတဲ့ အားပြိုင်မှုတွေကို အက်ရှင်ဆန်ဆန် စိတ်လှုပ်ရှားစရာကောင်းအောင် ရိုက်ကူးထားတာမို့ မစ္စတာနဲ့ မစ္စစမစ်တို့ရဲ့ အဆုံးသတ်ကို အတူတူလိုက်ပါစီးမျောပေးကြပါဦးနော်။