
“ငွေများ တရားနိုင်” ဆိုတဲ့စကားကို အားလုံးပဲကြားဖူးကြမှာပါ။ တကယ်ပဲ အရာအားလုံးကို ငွေကအောင်နိုင်သလား၊ အမှန်တရားကအောင်နိုင်သလားဆိုတာကို အဖြေရှာကြည့်ဖို့ ဒီနှစ်ထဲကမှထွက်ထားတဲ့ စုံထောက်အက်ရှင်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေနော်။ ဇာတ်လမ်းအကျဉ်းလေးကတော့ နယ်စပ်မှာလူမှောင်ခိုလုပ်ငန်း အကြီးအကျယ်လုပ်နေတဲ့လူကို ဖမ်းဆီးဖို့ရာ (၁၁) လကြာ ကြိုးစားနေတဲ့ FBI အရာရှိတစ်စုဟာ အဓိကတရားခံကိုဖမ်းရင်း တရားခံသေဆုံးသွားတဲ့အခါမှာတော့ သမီးဖြစ်သူကို သက်သေထွက်ဆိုပေးဖို့အတွက် ထိန်းသိမ်းထားလိုက်ကြပါတယ်။ တစ်ဖက်မှာလည်း ဒီဒုစရိုက်လုပ်ငန်းရဲ့ကြိုးကိုင်သူ ငွေရှင်ကြေးရှင်ကြီးတွေက ဒီကောင်မလေးကိုသတ်ဖို့အတွက် ကြေးစားတစ်ယောက် ငှားရမ်းလိုက်ပါတယ်။ ဒါပေမဲ့လည်း ကြေးစားရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေကြောင့် ဇာတ်လမ်းကရှုပ်ထွေးသွားတဲ့အခါမှာတော့ ကွင်းဆက်လူသတ်မှုတွေဖြစ်ပေါ်လာပြီး FBI အရာရှိတွေရယ် ကြေးစားရယ်နဲ့ ကြိုးကိုင်သူသူဌေးတွေကြားမှာ သုံးပွင့်ဆိုင်ဇာတ်လမ်း ဖြစ်လာပါတော့တယ်။ အဲဒီသုံးပွင့်ဆိုင်ဇာတ်လမ်းက ဘယ်လိုဆက်သွားမလဲ၊ အဆုံးသတ်မှာရော ဒုစရိုက်သမားတွေဟာ ထိုက်တန်တဲ့အပြစ်ဒဏ်ရရှိသွားမလားဆိုတာကို အက်ရှင်ခန်းတွေတစ်ပုံကြီးနဲ့ သည်းထိတ်ရင်ဖိုရိုက်ကူးထားတာမို့ ဇာတ်လမ်းလေးကြည့်ရင်းပဲ အဖြေရှာဖို့ တိုက်တွန်းချင်ပါတယ်နော်…