
ငယ်ငယ်ကတည်းက မတရားသဖြင့် လူငယ်ပြုပြင်ရေးစခန်းကို အပို့ခံလိုက်ရတဲ့ ဘဝါနီဟာ ရာဇဝတ်မှုတွေကို ကျူးလွန်ပြီး အသက်မပြည့်သေးတဲ့ ကလေးတွေကို ခေါင်းခံခိုင်းတဲ့ လူဆိုးခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့ပါတယ်။ တစ်ဖက်မှာလည်း တစ်စုံတစ်ခုသော အကြောင်းအရင်းကြောင့် အရက်သမားဖြစ်နေပေမဲ့ တပည့်တွေက အားကိုးပြီး ချစ်ကြတဲ့ ကောလိပ် ပါမောက္ခတစ်ယောက်ဖြစ်တဲ့ ဂျေဒီဟာ ကိစ္စတစ်ခုကြောင့် ဘဝါနီရဲ့လူတွေရှိနေတဲ့ လူငယ်ပြုပြင်ရေးစခန်းကိုသွားပြီး ကျောင်းဆရာလုပ်ပေးဖို့အကြောင်းဖန်လာတဲ့အတွက် လက်ရဲဇက်ရဲ ဘဝါနီနဲ့ အရက်သမားကျောင်းဆရာ ဂျေဒီတို့ ထိပ်တိုက်တွေ့ဖို့ဖြစ်လာခဲ့ပါတယ်ဗျ။ ဒီ Master ဆိုတဲ့ ၂၀၂၁ ခုနှစ်ထွက် ရုပ်ရှင်ဟာဆိုရင် သုံးနာရီနီးပါး ကြာမြင့်ပေမဲ့ ခပ်သွက်သွက် ဇာတ်လမ်းကြောင့် လုံးဝပျင်းစရာမကောင်းဘဲ အဆုံးထိရောက်မှန်းမသိ ရောက်သွားမယ့် ရုပ်ရှင်ပဲဖြစ်ပါတယ်။ သရုပ်ဆောင်တွေကလည်း အိန္ဒိယတောင်ပိုင်း ရုပ်ရှင်လောကရဲ့ ဆရာကြီးတွေဖြစ်ကြတဲ့ ဗီဂျေးနဲ့ ဗီဂျေးစည်သူပတိတို့လို စူပါစတားတွေဖြစ်တဲ့အတွက် ဇာတ်လမ်းအားနဲ့ပေါင်းပြီး လုံးဝ Super-Hit ဖြစ်ခဲ့တဲ့ရုပ်ရှင်ဖြစ်ပါတယ်ဗျ။ တောင်ပိုင်းရဲ့ စူပါစတားတွေဖြစ်တဲ့ ဗီဂျေးနှစ်ယောက်ရဲ့ သူတင်ကိုယ်တင် အပြိုင်ကြမ်းကြပုံတွေကို ဆရာကြီးလို့ အဓိပ္ပါယ်ရတဲ့ ဒီ Master ဆိုတဲ့ ရုပ်ရှင်ထဲမှာ ကျေနပ်ဖွယ်ရာတွေ့မြင်ရမှာပဲဖြစ်ပါတယ်…။