
လှပတဲ့အရာတွေကို လူတိုင်းနှစ်သက်ကြပေမဲ့ ဆူးမရှိတဲ့နှင်းဆီတစ်ပွင့်အတွက်တော့ သူပိုင်ဆိုင်ထားတဲ့အလှအပဟာ အန္တရာယ်ပါပဲ။ မယ်လီနာ့ဘဝဟာလည်း ဆူးမရှိတဲ့နှင်းဆီတစ်ပွင့်လိုပါပဲ။ စစ်မီးကတောက်လောက်နေချိန်မို့ အရာရာခက်ခဲနေချိန်မှာ အမျိုးသားဖြစ်သူကပါ ရှေ့တန်းထွက်သွားရတာမို့ ပူပူနွေးနွေးလက်ထပ်ပြီးခါစ မယ်လီနာဟာ သူစိမ်းရပ်ရွာမှာ တစ်ယောက်တည်းကျန်ခဲ့ရပါတယ်။ အဲဒီအချိန်မှာပဲ လှပလွန်းတဲ့သူ့ရုပ်ရည်ကြောင့် မနာလိုတတ်တဲ့ လူသဘောသဘာဝအရ တိတ်တိတ်ပုန်းလင်ငယ်ပဲနေနေသလို သွားပုပ်လေလွင့်စကားတွေ စပြီးရင်ဆိုင်ခဲ့ရတာပေါ့။ ကံဆိုးရှာတဲ့မယ်လီနာ့အတွက် အမျိုးသားဖြစ်သူကပါ ရှေ့တန်းမှာကျဆုံးသွားတဲ့အခါမှာတော့ ဒီစကားတွေကပိုဆိုးလာခဲ့ပြီး စစ်ရယ်၊ မယ်လီနာ့အလှရယ်၊ လူတွေရဲ့မနာလိုစိတ်ရယ်ဟာ မယ်လီနာ့ဘဝကို လှလှပပဖျက်ဆီးပါတော့တယ်။ ဒီဇာတ်ကားမှာဆိုရင် မယ်လီနာနေရာမှာ Monica Bellucci က ပါဝင်သရုပ်ဆောင်ထားပြီး စတင်ထွက်ရှိခဲ့တဲ့အချိန်ကနေ အခုချိန်ထိလည်း မယ်လီနာ့ရဲ့ပြစ်မျိုးမှဲ့မထင်အလှကြောင့် ပုရိသတွေကြား ရေပန်းစားဆဲဇာတ်ကားပဲဖြစ်ပါတယ်။ ဇာတ်ကားရဲ့အဓိကဇာတ်ဆောင်က မယ်လီနာဖြစ်ပေမဲ့ ဇာတ်လမ်းရဲ့ရှုထောင့်က မယ်လီနာ့ဘဝဖြတ်သန်းမှုကိုတွေ ဘေးကတစ်ချိန်လုံးမြင်နေခဲ့ရပေမဲ့ မယ်လီနာ့ဘဝထဲ ဘယ်တုန်းကမှပါဝင်ခွင့်မရခဲ့တဲ့ (၁၂) နှစ်အရွယ်ကလေးတစ်ယောက်ရဲ့ POV အနေနဲ့ ရိုက်ပြထားတာမို့ မယ်လီနာကိုယ့်ဘေးမှာသွားလာလှုပ်ရှားနေသလို၊ ကိုယ့်မျက်စိရှေ့တင် ဘဝပျက်ခဲ့ရသလိုခံစားလာရမှာဖြစ်ပြီး ဇာတ်ကားက ပိုအသက်ဝင်လာသလိုပါပဲခင်ဗျာ။ ဇာတ်ဝင်ခန်းတော်တော်များများမှာ erotic ဖြစ်စေတဲ့ အကြောင်းအရာတွေပါဝင်တာမို့ (၁၈) နှစ်အောက်ကလေးငယ်တွေကိုတော့ ကြည့်ဖို့ recommend မပေးပါဘူးခင်ဗျာ။