
ခရစ်နှစ် ၁၆၀၀ ဝန်းကျင်လောက်တုန်းက အူဒင်ဂါ့သ်ဆိုတဲ့ တိုင်းပြည်လေးတစ်ခုမှာ ဘိုင်ရာဗာဆိုတဲ့ သူရဲကောင်းတစ်ယောက် ရှိခဲ့ဖူးတယ်။ သူဦးဆောင်တဲ့ တပ်စုရဲ့ စစ်သည်တိုင်းက ရန်သူအယောက် ၁၀၀ သတ်ပြီးမှ သေကြတယ်လို့ လူတွေကပြောကြတယ်။ ဘိုင်ရာဗာဟာ သူတို့တိုင်းပြည်ရဲ့ မင်းသမီးလေး မစ်သရာနဲ့ မေတ္တာရှိခဲ့ကြပေမယ့် ပယောဂတစ်ခုကြောင့် မပေါင်းဖက်ရဘဲနဲ့ သေကွဲကွဲသွားခဲ့ကြပါတယ်။ သူတို့အားလုံးဟာ မပြည့်ဝသေးတဲ့ ဆန္ဒတွေကြောင့် နောက်ထပ် နှစ်ပေါင်း ၄၀၀ ကြာတဲ့အချိန် အခုခေတ်မှာ လူ့ဘဝကို ပြန်ဝင်စားခဲ့ကြပြီး မပြီးဆုံးသေးတဲ့ အချစ်ဇာတ်လမ်းအတွက် ဆက်ပြီး တိုက်ခိုက်ကြပါတော့တယ်ဗျ။ Magadheera ဆိုတဲ့ ဒီ တေလေဂူးစကားပြော ရုပ်ရှင်ဟာဆိုရင် ဘက်ဂျက်ကောင်းကောင်းသုံးပြီး ရိုက်ကူးထားတဲ့အတွက် ၁၇ ရာစုရဲ့ အငွေ့အသက်တွေကို ခမ်းခမ်းနားနား မြင်ရမှာဖြစ်လို့ သမိုင်းနောက်ခံဇာတ်လမ်းကြိုက်သူတွေ အကြိုက်တွေ့စေမှာ အမှန်ပါပဲ။ မြန်မာနိုင်ငံမှာလည်း မင်းသား ရန်ချာရန်ကို ဘိုင်ရာဗာမင်းသားလို့ နာမည်တွင်စေတဲ့အထိ အောင်မြင်ခဲ့တဲ့ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းရော၊ အက်ရှင်ခန်းတွေရော၊ ဇာတ်ဝင်သီချင်းတွေရော အကုန်လုံးက ဘယ်အချိန်ပြန်ကြည့်ကြည့် စိတ်ထဲစွဲနေတဲ့အထိ ကောင်းလွန်းတာမလို့ မကြည့်ဖူးရင် တကယ် နောင်တရစေမယ့်ရုပ်ရှင်ပဲ ဖြစ်ပါတယ်ဗျ။