
ဒီကနေ့ ရွှေပန်းသီးပရိတ်သတ်တို့ကို မိတ်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ Lupin the III : The First ဆိုတဲ့ anime ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာ အင်မတန်များပြားလှတဲ့ ရတနာတွေရှိနေတဲ့နေရာရဲ့လမ်းညွှန်ဖြစ်တယ်လို့ လူအများယုံကြည်ထားကြတဲ့ ရှေးဟောင်းသုတေသနပညာရှင်ကြီး ဘရက်စ်ဆန်ရဲ့ဒိုင်ယာရီစာအုပ်အား ပြတိုက်မှာပြသဖို့ရာသယ်ဆောင်လာတဲ့အချိန်မှာ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီး လူပန်အပါအဝင် အခြားသူခိုးတွေကလည်း လာရောက်ခိုးဖို့လုပ်ကြပါတယ်။ စာအုပ်ကိုမရလိုက်နိုင်ပေမယ့် အမွေအနှစ်ထိန်းသိမ်းချင်စိတ်နဲ့ လာခိုးတဲ့ လက်တီးရှီးယားလို့ခေါ်တဲ့ သုတေသနပညာရှင်မလေးနဲ့ သိကျွမ်းလိုက်ရပြီး အတူတူပူးပေါင်းကာ ဒိုင်ယာရီရဲ့ပဟေဠိကိုဖြေရှင်းဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ တစ်ဖက်မှာ စာအုပ်ကိုလက်ဝယ်ရသွားတာကတော့ စာအုပ်ရဲ့ညွှန်ပြရာမှာအမှန်တကယ်ရှိနေတဲ့ ခေတ်ရှေ့ပြေးလက်နက်ကိုအသုံးချကာ တတိယဂျာမန်အင်ပါယာကိုထူထောင်ချင်တဲ့ ဂျာမန်အဖွဲ့အစည်းဖြစ်နေတဲ့အတွက် လူပန်တို့တွေဟာ သူတို့ထက်အရင် လက်ဦးမှုယူ ပဟေဠိကိုဖြေရှင်းပြီး လက်စဖျောက်လိုက်နိုင်မလား။ လူဆိုးအဖွဲ့အစည်းကပဲ လက်နက်ကိုလက်ဝယ်ရပြီး ကမ္ဘာကြီးကို တဖန်ပြန်လည်ကျူးကျော်မလားဆိုတာကို စိတ်ဝင်စားဖွယ်ရှုစားရမှာပဲဖြစ်ပါတယ်။