
ဒါရိုက်တာ Fernando Leon de Aranoa ရိုက်ကူးထားတဲ့ Loving Pablo ဇာတ်ကားလေးဟာ ၁၂၅ မိနစ်ကြာမြင့်ပြီး ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်မှာ အီတလီနိုင်ငံ၊ ဗင်းနစ်မြို့၌ စတင်ထုတ်ဝေခဲ့တဲ့ ဇာတ်ကားကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်။ ဒီကားလေးဟာ ၁၉၈၀ ပြည့်နှစ်တုန်းက ကိုလမ်ဘီယာနိုင်ငံအစိုးရနဲ့ အမေရိကန်ပြည်ထောင်စုတို့က အထူးအလိုရှိခဲ့တဲ့ မူးယစ်ရာဇာကြီး Pablo Escobar အကြောင်း ဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ မူးယစ်ရာဇာကြီး Pablo Escobar ဟာ ချမ်းသာလွန်းလို့ သူ့ရဲ့ပိုက်ဆံတွေကိုစည်းဖို့ သားရေကွင်းဖိုးတင် လတိုင်း ကန်ဒေါ်လာရာနဲ့ချီဝယ်ရတဲ့အပြင် သူတို့ မိသားစုထွက်ပြေးနေရချိန်မှာ သူ့သမီးလေးအချမ်းပြေစေဖို့ ကန်ဒေါ်လာ တွေကိုမီးရှို့ပြီး မီးလှုံစေနိုင်လောက်အောင် ပိုက်ဆံတွေကြွယ်ဝ ချမ်းသာခဲ့သူတစ်ဦး ဖြစ်ပါတယ်။ အိမ်သူအမျိုးသမီးရဲ့မျက်နှာကို တစ်ချက် အပျက်မခံဘဲ မိသားစုအပေါ်ကိုသိပ်ချစ်တတ်တဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက် ဖြစ်ပေမယ့် သူ့စိတ်ထဲမထင်ရင်မထင်သလို သူများ မိသားစုကိုတော့ အလွယ်တကူဖျက်ဆီးတတ်တဲ့ ရက်စက်ကြမ်းကြုတ်တဲ့လူမိုက်ကြီးတစ်ဦးဖြစ်တဲ့အပြင် Escobar ဟာ ဂျာနယ်လစ်တစ်ဦး ဖြစ်ပြီး ထင်ရှားကျော်ကြားတဲ့ အစီအစဉ်တင်ဆက်သူ Virginia Vallejo နဲ့လည်း အမှန်တကယ်ချစ်ကျွမ်းဝင်ခဲ့ပုံတွေကို ကြည့်ရှု ခံစားရမှာ ဖြစ်ပါတယ် ဒီဇာတ်ကားလေးရဲ့ ထူးခြားချက်ကတော့ မူးယစ်ရာဇာကြီး Pablo Escobar သေဆုံးပြီးနောက်မှာ သူ့ရဲ့ချစ်သူ Virginia Vallejo ဟာ “Loving Pablo, Hating Escobar” ဆိုတဲ့ အတ္ထုပ္ပတ္တိဝတ္ထုစာအုပ်ကို ကိုယ်တိုင်ရေးသားထုတ်ဝေခဲ့ပါတယ်။ အခုဒီဇာတ်ကားလေးဟာ ဆိုရင်လည်း Virginia Vallejo ရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိဝတ္ထုစာအုပ်အပေါ် အခြေခံပြီး ဖြစ်ရပ်မှန်ရိုက်ကူးတင်ပြထားခြင်းပဲ ဖြစ်ပါတယ်။ မူးယစ်ရာဇာကြီး Pablo Escobar အဖြစ် Javier Bardem ၊ သူ့ရဲ့ဇနီး Maria Victoria Henao အဖြစ် Julieth Restrepo ၊ သူ့ရဲ့ချစ်သူ Virginia Vallejo အဖြစ် Penelope Cruz ၊ အမေရိကန်စုံထောက်ကြီး Shepard အဖြစ် Peter Sarsgaard တို့က အဓိကပါဝင် သရုပ်ဆောင်ထားကြပါတယ်။ ဒီဇာတ်ကားလေးမှာ မူးယစ်ရာဇာကြီး Pablo Escobar ရဲ့ မိသားစု အပေါ်တန်ဖိုးထားပုံ၊ ချမ်းသာကြွယ်ဝ သူတို့ထုံးစံအတိုင်း မိန်းမမပွေရှုပ်ပုံ၊ အလုပ်နဲ့ပတ်သက်လာရင် ဘယ်သူ့မျက်နှာမှမထောက်ဘဲ သတ်ပစ်ဖို့ဝန်မလေးတတ်ပုံ၊ အတိတ်ဘဝကို မမေ့ဘဲ အမှိုက်ပုံပေါ်ရှင်သန်နေထိုင်ရသူတွေအတွက် အိမ်တွေဆောက်ပေးပြီး ကူညီစောင့်ရှောက်ပုံ၊ ကိုယ်တိုင်ဝင်မယ့်ထောင်ကို ကိုယ်တိုင် စိတ်ကြိုက်ဆောက်ပြီး ကိုယ်တိုင်လာအဖမ်းခံခဲ့ပုံ၊ နောင်တမရနိုင်တဲ့နောက်ဆုံးမှာ ဒုစရိုက်သမားတို့သွားရာလမ်းကိုသာ လျှောက်လှမ်းခဲ့ရပုံ တွေကို ရင်တမမနဲ့ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးတစ်ခုပဲဖြစ်ပါတယ်