
၂၀၁၂ ခုနှစ်က ထွက်ခဲ့တဲ့ Love 911( Banchangko) ဆိုတဲ့ ရုပ်ရှင်ကားလေးကို ဒါရိုက်တာ Jeong Gi Hun ကရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ကိုရီးယား ဇာတ်ကား တွေကို ကြိုက်နှစ်သက်ကြတဲ့ မြန်မာပရိတ်သတ်တွေရင်းနှီးပြီးသား သရုပ်ဆောင်တွေ ဖြစ်တဲ့ မင်းသား Go Soo နဲ့ မင်းသမီး Han Hyo Joo တို့က သရုပ်ဆောင် ထားကြတာပါ။ တစ်ခြား နာမည်ကြီးသရုပ်ဆောင်တွေလည်း ပါဝင်အား ဖြည့်ထားကြပါတယ်။ လူသန်ကြီး Ma Dong Seok လည်းပါဝင် သရုပ်ဆောင် ထားပါတယ်။ ၂၀၁၃ ခုနှစ် 49th ကြိမ်မြောက် Baeksang Arts Awards ဆုပေးပွဲမှာ မင်းသမီး Han Hyo Joo က အကောင်းဆုံးမင်သမီးဆု ဆကာတင် စာရင်းဝင်ခဲ့ပါတယ်။ IMBD Rating 6.9 ရရှိထားတဲ့ အချစ် ဇာတ်ကားကောင်းလေး တစ်ကားပဲဖြစ်ပါတယ်။ ဂျောင်ကန်အီဟာ စိတ်မကောင်းစရာ အတိတ်ကို မမေ့နိုင်သေးပဲ စိတ်ထင်ရာလုပ်တတ်တဲ့ မီးသတ်ကယ်ဆယ်ရေးဝန်ထမ်း တစ်ယောက်ပါ။ အန္တရာယ်နဲ့ ကြုံလာရင်တောင် မကြောက်မရွံ့ရင်ဆိုင်ဖြေရှင်းတတ်သူ၊ သူတစ်ပါး အပေါ်စာနာ တတ်တဲ့သူ။ ဂိုမီဆူကတော့ ကိုယ့်ကိုကိုယ် အမြဲတမ်း ယုံကြည်မှုအပြည့်နဲ့ လက်မြန်ခြေမြန်လုပ် တတ်လေ့ရှိတဲ့ နှလုံးနဲ့ ရင်ခေါင်းခွဲစိတ်ဌာနက ဆရာဝန်မလေးပါ။ တစ်ရက်မှာ သူမရဲ့ လူနာအပေါ် ရောဂါနာမည် တပ်မှားယွင်းမှုကြောင့် လူနာဟာ ဒုက္ခရောက်ခဲ့ရပါတယ်။ ဒီဖြစ်ရပ်ကြောင့်ပဲ မီးသတ်သမားလေးနဲ့ ဆရာဝန်မလေးတို့ ဆုံဖို့ဖြစ်လာခဲ့ပါတယ်။ သူမရဲ့ ပြဿနာတွေ ပြေလည်နိုင်ဖို့ မီးသတ်သမား ဂျောင်ကန်အီကို ဆွဲဆောင် ဖြားယောင်းဖို့ ချဥ်းကပ်ရာက ဖြစ်ပေါ်လာတဲ့ အလွဲတွေ အဆင်မပြေမှုတွေက ရယ်စရာလေး တွေနဲ့ ချစ်စရာ ကောင်းလှပါတယ်။ သူမရဲ့ အကြံအစည်တွေအောင်မြင်ပါ့မလား။ သူကရော သူမကို တကယ်ပြန်ချစ်မလားဆိုတာကို အချစ်၊ ဟာသ၊ အလွမ်းတွေနဲ့ ကြည့်ချင်စရာ ကောင်းအောင် ရိုက်ကူးထားတဲ့ ဒီဇာတ်ကားလေးကို ကြည့်လိုက်ရင် သိလာရမှာပါ။