
ကမ္ဘာကျော် ဂန္တဝင်ရုပ်ရှင် Forrest Gump ကို အိန္ဒိယမှုပြုပြီး ပြန်ရိုက်ထားတဲ့ မင်းသားကြီး အမီရာခန်းရဲ့ Laal Singh Chadda ရုပ်ရှင် ထွက်ရှိလာခဲ့ပါပြီဗျ။ လားလ်ဟာ ဉာဏ်ရည်နှေးပေမဲ့ အလုပ်တစ်ခုကို လုပ်ပြီဆိုရင် အာရုံတစ်ခုတည်း အသေထားပြီး တစ်စိုက်မတ်မတ် လုပ်လေ့ရှိပါတယ်။ အဲ့ဒီ အကျင့်ကြောင့် သူဟာ သူလုပ်မိတဲ့အလုပ်တိုင်းမှာ သူများထက် ထူးချွန်နေတတ်ပါတယ်ဗျ။ သူဟာ ရထားတစ်စီးနဲ့ ခရီးသွားရင်း ရထားထဲက ခရီးသည်တွေကို သူ့ရဲ့ ဘဝဇာတ်ကြောင်း ပြောပြနေတဲ့ပုံစံနဲ့ ရုပ်ရှင်ကို အစပြုထားပါတယ်။ ရထားထဲက ခရီးသည်တွေဟာ လူထူးဆန်းကြီး လားလ်ရဲ့စကားတွေကို အစမှာ အားနားပါးနာ နားထောင်နေခဲ့ရပေမဲ့ တဖြည်းဖြည်း စိတ်ဝင်တစား ဖြစ်လာခဲ့ကြပါတယ်ဗျ။ လားလ်ဟာ ဒုက္ခိတတစ်ယောက်ဖြစ်ဖူးသလို အပြေးချန်ပီယံတစ်ယောက်လည်း ဖြစ်ခဲ့ဖူးတယ်။ ဉာဏ်ရည်နှေးသူ ဖြစ်ပေမဲ့ စစ်ပြန်သူရဲကောင်းတစ်ယောက်လည်း ဖြစ်တယ်။ ဖိနပ်အစုတ်ကြီးနဲ့ လျှောက်သွားနေပေမဲ့ သန်းကြွယ်တစ်ယောက်လည်း ဖြစ်နေပြန်တယ်။ အရောင်စုံလှတဲ့ လားလ်ဆိုတဲ့ လူထူးဆန်းတစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းဖြစ်တဲ့ ဒီ Laal Singh Chadda ဆိုတဲ့ရုပ်ရှင်ကို အချိန် သုံးနှစ်ကြာအောင် ဂရုတစိုက်နဲ့ ဖန်တီးထားပါတယ်ဗျ။ Remake ဖြစ်ပေမဲ့ မူရင်းဇာတ်လမ်းအတိုင်း တစ်ထပ်တည်း မသွားထားဘဲ အိန္ဒိယရဲ့ ပုံစံထွက်လာအောင် အိန္ဒိယရဲ့ သမိုင်းဝင်ဖြစ်ရပ်တွေကို ဇာတ်လမ်းထဲမှာ မအီသွားစေဘဲ ခပ်ပါးပါး ရောထည့်ထားပါသေးတယ်။ အကြောင်းကြောင်းကြောင့် ထင်သလောက် မအောင်မြင်ခဲ့ပေမဲ့ Forrest Gump ကို remake လုပ်ထားတဲ့ ရုပ်ရှင်ဆိုတာကို ခဏမေ့ပြီး ကြည့်လိုက်ရင် အင်မတန်လှပတဲ့ ဇာတ်လမ်းသွားတစ်ခုနဲ့ ရုပ်ရှင်တစ်ပုဒ်ကို မြင်တွေ့ရမှာဖြစ်လို့ အိန္ဒိယရုပ်ရှင်ပရိသတ်မှန်ရင် သေချာပေါက် တစ်ခေါက်လောက်တော့ ကြည့်ဖူးသင့်တဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်ဗျ…။