
ဒီဇာတ်ကားလေးကတော့ မင်းသားကြီး ဝီလ်စမစ်ရဲ့ အကောင်းဆုံးတွေထဲက အကောင်းဆုံးဇာတ်ကားတစ်ကားလို့တောင်ပြောလို့ရပါတယ်။ သရုပ်ဆောင်သူတွေရဲ့ ပြောင်မြောက်လှတဲ့သရုပ်ဆောင်မှုတွေကြောင့် ဇာတ်လမ်းတစ်ခုကို ထိုင်ကြည့်နေရတယ်လို့တောင်မထင်ရဘဲ တစ်ကယ့်အပြင်မှာဖြစ်နေတဲ့အတိုင်း ထင်မှတ်ရတဲ့အထိကို ဇာတ်လမ်းရဲ့ဆွဲဆောင်မှုထဲ စီးမျောသွားစေမှာ သေချာပါတယ်။ ဒါကလည်း ဒီဇာတ်ကားမှာပါဝင်တဲ့ အဓိကဇာတ်ကောင်တွေ၊ တင်းနစ်ကစားသမားအကျော်အမော်တွေ၊ ကစားပွဲတွေနဲ့ ဒိုင်ယာလော့တွေကအစ တစ်ကယ့်ဖြစ်ရပ်မှန်ကိုအခြေခံပြီး ရိုက်ကူးထားတာတွေကြောင့်လို့ပဲ ပြောရမှာဖြစ်ပါတယ်။ တင်းနစ်အားကစားကို စိတ်ဝင်စားတဲ့လူတွေဆိုရင် တင်းနစ်လောကကြီးတစ်ခုလုံးကို လွှမ်းမိုးထားနိုင်တဲ့ ဆီရီနာနဲ့ ဗီးနပ်စ်တို့ ညီအစ်မနှစ်ယောက်ရဲ့ အောင်မြင်ကျော်ကြားမှုတွေကို အသိအမှတ်မပြုဘဲ လုံးဝနေနိုင်မှာမဟုတ်ပါဘူး။ ဒါဆိုရင်တော့ ဒါတွေဖြစ်လာအောင် အဓိကထိန်းချုပ်ခဲ့တဲ့ သူတို့ရဲ့ဖခင်ဖြစ်သူအနေနဲ့ ဒီညီအစ်မနှစ်ယောက်ကို အခုလိုအောင်မြင်မှုတွေရလာအောင် ဘယ်လိုစီမံချက်တွေချပြီး ဘယ်လိုတွေကြိုးစားရုန်းကန်ခဲ့တယ်ဆိုတာကို ဒီဇာတ်ကားလေးက ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ တင်းနစ်အားကစားကို အဓိကအခြေခံပြီး ရိုက်ကူးထားတယ်ဆိုပေမယ့် အိမ်ထောင်ဦးစီးတစ်ယောက်ရဲ့ဦးဆောင်နိုင်မှုတွေ၊ ဇနီးမယားတစ်ယောက်ရဲ့လက်တွဲညီမှုတွေ၊ မိသားစုဆိုတာ ဘယ်လိုမျိုးရှိသင့်တယ်ဆိုတဲ့သဘောတရားတွေ အစရှိတဲ့ အတုယူဖွယ်ရာတွေ အားလုံးကို ဒီဇာတ်ကားလေးတစ်ကားထဲမှာတင် တစ်ထိုင်ထဲနဲ့ တစ်ဝကြီး ကြည့်ရှုခံစားနိုင်ကြမှာပဲဖြစ်ပါတယ်။ ဒါကြောင့် ဒီ “King Richard” ဆိုတဲ့ မင်းသားကြီး ဝီလ်စမစ်ရဲ့ ဇာတ်ကားလေးကိုကြည့်ရှုပြီးတော့ ဘဝအမောတွေကိုဖြေရင်းနဲ့ ကိုယ့်ဘဝအတွက် သင်ခန်းစာလေးတွေကိုလည်း သင်ယူလိုက်ကြရအောင်လားဗျာ။