
ဇာတ်ကားတစ်ကားကောင်းမွန်ဖို့ ဘယ်သူက အဓိကကျပါသလဲ။ ဇာတ်လမ်းလား ဇာတ်ညွှန်းလား မင်းသမီး မင်းသားလား။ တကယ်တော့ ပါဝင်တဲ့လူတစ်ဦးချင်းစီတိုင်း တာဝန်ကျေမှသာ ဇာတ်ကားကောင်းတစ်ကားထွက်လာတာပါ။ ဒီကားလေးကတော့ ဇာတ်ကားတွေထဲမှာ အများပြောလေ့မရှိတဲ့ စတန့်သရုပ်ဆောင်တွေအကြောင်းကို ပါးပါးလေးဖွဲ့ဆိုပြထားပါတယ်။ Romance နဲ့ Comedy အရောဇာတ်ကားလေးဖြစ်ပြီး Bollywood ကားလေးပါ။ မင်းသားကတော့ အက်ရှလေကူးမား ဖြစ်ပြီး မင်းသမီးကတော့ ကရီနာကပူး ဖြစ်လို့ သရုပ်ဆောင်မကောင်းမှာကိုတော့ စိုးရိမ်စရာ မလိုပါဘူး။ ဇာတ်လမ်းသွားကတော့ မိန်းကလေးတွေရဲ့အသည်းကျော် စတန့်သရုပ်ဆောင်တစ်ယောက်နဲ့ ခွဲစိတ်ဆရာဝန်ဖြစ်ဖို့ ကြိုးစားနေတဲ့မိန်းကလေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကို ဟာသနှောပြီး ကြည့်ရှုရမှာပါ။ နှစ်ယောက်လုံးက အချစ်ကိုအယုံအကြည်မရှိကြပါဘူး။ ဒီလိုနဲ့ သူတို့နှစ်ယောက်ရဲ့ ညီနဲ့ ညီမတို့ လက်ထပ်ဖြစ်သွားပြီး သူတို့ရဲ့အိမ်ထောင်ရေးကို အကြံပေးကြရာကနေ စတန့်မင်းသားနဲ့ ခွဲစိတ်ဆရာဝန်တို့ဇာတ်လမ်း စတင်ကြတော့တာပါပဲ။ သူတို့နှစ်ယောက်ဟာ အချစ်ကို ယုံကြည်သွားကြမလား၊ မယုံကြည်ကြဘူးလား၊ ပေါင်းဖက်သွားကြမလား၊ အလွဲအကွဲနဲ့ ဇာတ်သိမ်းသွားမလားဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာ ဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်။