
ဒီတစ်ခေါက်တင်ဆက်ပေးချင်တဲ့ကားလေးကတော့ Josee, the Tiger & the Fish ဆိုတဲ့ anime ဇာတ်ကားလေးပါ။ ဒီကားလေးဟာဆိုရင် ပင်လယ်ပြင်ကြီးထဲ ငါးလေးတွေအုပ်စုဖွဲ့ရေကူးတာကို ရေငုပ်ဆင်းကြည့်ရတာနှစ်သက်ပြီး အိပ်မက်အကြီးကြီးရှိတဲ့ ကောင်လေးတစ်ယောက်နဲ့ မွေးရာပါအောက်ပိုင်းမသန်စွမ်းလို့ ငယ်ရွယ်စဉ်ကတည်းက အရာရာကိုလက်လှမ်းမမီဖြစ်နေတဲ့ ကောင်မလေးတစ်ယောက်တို့ရဲ့အချစ်ဇာတ်လမ်းလေးပေါ့။ စပြောရရင် ရေငုပ်ပြီး ငါးကြည့်ရတာကိုဝါသနာပါပြီး မက္ကစီကိုကို ပညာတော်သင်သွားနိုင်ဖို့ရည်မှန်းထားတဲ့ လူငယ်လေး ဆုနဲအိုဟာ ကျောင်းတစ်ဖက်၊ ရေငုပ်ပစ္စည်းအဌားဆိုင်မှာအလုပ်တစ်ဖက်အပြင် ငွေကောင်းကောင်းရတဲ့အလုပ်မှန်သမျှကို လုပ်ကိုင်ပြီး လူငယ်ဘဝကိုဖြတ်သန်းနေပါတယ်။ အဲ့သလိုနဲ့ တစ်နေ့မှာ အဖွားဖြစ်သူနဲ့ ညနေခင်းလမ်းလျှောက်ထွက်ရင်း လမ်းဆင်ခြေလျှောအဆင်းမှာ သူများတွန်းချတာခံလိုက်ရလို့ ဝှီးချဲနဲ့ပြုတ်ကျလာတဲ့ ကုမိကိုဆိုတဲ့ ကောင်မလေးနဲ့ ပက်ပင်းတိုး ဝင်ဆောင့်မိသွားပါလေရဲ့။ ဆုနဲအိုတစ်ယောက် သူတို့မြေးအဖွားကို အိမ်ပြန်လိုက်ပို့ပြီး ရင်းနှီးသွားရာကနေ ငွေလိုနေတဲ့ ဆုနဲအိုကို ကောင်မလေး ဝေရာဝစ္စကူဖို့ အလုပ်ပေးဖို့အထိဖြစ်လာတယ်ပေါ့။ ဆုနဲအိုလည်း လစာကောင်းတဲ့အတွက် မငြင်းဘဲ လက်ခံလုပ်ကိုင်ရင်း အဆင်မပြေမှုပေါင်းများစွာနဲ့ ဆုံတွေ့မှုကနေ ကောင်မလေးရဲ့တစ်ကိုယ်ကောင်းဆန်မှုတွေကိုလိုက်လျောပေး၊ အချိန်တွေအတူတူကုန်ဆုံးရင်း၊ ဘယ်လိုတွေသံယောဇဉ်တွေတွယ်သွားမလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ကြည့်ရှုပေးပါခင်ဗျ။