
ဒီဇာတ်ကားလေးက အကောင်းဆုံးရုပ်ပုံနဲ့ အိုစကာဆုတို့ကို သိမ်းပိုက်ခဲ့တဲ့ ပထမဆုံးရောင်စုံကာလာရုပ်ရှင်ဇာတ်ကားလေးတစ်ကားပါ။ ဆရာကြီးမြသန်းတင့်ရဲ့ “လေရူးသုန်သုန်”လို့ အမည်ရတဲ့ဘာသာပြန်စာအုပ်လည်း ထွက်ရှိထားပါတယ်။ အညွှန်းလေးကတော့ ၁၈၆၁ ခုနှစ် အမေရိကန်ပြည်တွင်းစစ် အကြိုကာလတွင် တယ်ရာမှာ စကားလတ်စ် အိုဟာရာက သူ့ရဲ့မိဘ၊ ညီမနှစ်ယောက်၊ ကျေးကျွန်များနဲ့အတူ ဂျော်ဂျာရှိ မိသားစုလုပ်ငန်းဖြစ်တဲ့ ဝါဂွမ်းစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ရင်း နေထိုင်ကြတယ်။ စကားလတ်စ် အိုဟာရာက သူ့ရဲ့တိတ်တခိုးချစ်ရတဲ့သူ၊ တွယ်ဗို့စ်မှာ နေထိုင်တဲ့ အဲရှယ်လီ ဝယ်စ် နဲ့ သူ့ရဲ့ညီမဝမ်းကွဲ မယ်လနီ ဟဲမောတန်တို့ မကြာခင်မှာ လက်ထပ်တော့မယ့်အကြောင်း သိခဲ့ရတယ်။ နောက်တစ်နေ့ စေ့စပ်ကြောင်းလမ်းခြင်း ပါတီတွင် စကားလတ်စ် အိုဟာရာမှ အဲရှယ်လီ ဝယ်စ်ရဲ့ ခါးသီးစွာ ငြင်းပယ်မှုကို ခံခဲ့ရပေမယ့် အခြား ဧည့်သည်တစ်ယောက်ဖြစ်တဲ့ ရတ်သ် ဘာတလာရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့တယ်။ ပြည်တွင်းစစ် နဲ့ပြန်လည်တည်ဆောက်ရေးကာလအတွင်း အမေရိကန်တောင်ပိုင်းမှာ အချစ်ရေးကို ကြိုးကိုင်ခြယ်လှယ်နေတဲ့ စကားလတ်စ် အိုဟာရာ၊ ဆုံးဖြတ်ချက်မပြတ်မသားဖြစ်နေတဲ့ အဲရှယ်လီ ဝယ်စ်နဲ့ နောက်ပြောင်ကျီစယ်တတ်သူ ရတ်သ် ဘာတလာတို့ သုံးဦးရဲ့ ချစ်ခြင်းမေတ္တာအကြောင်းနဲ့ သူတို့ဖြတ်သန်းခဲ့ရတဲ့ ဘဝအကြောင်းတွေကို ရိုက်ကူးပုံဖော်ထားပါတယ်။ ရှေးခေတ်သူတို့ရဲ့ ဝတ်စားဆင်ယင်ပုံ၊ ထင်ပေါ်ကျော်ကြားသော စကားအသုံးအနှုန်းတို့ကို ဂန္တဝင်မြောက်သော ဒီအမေရိကန် ဇာတ်ကားလေးမှာ အတူတူကြည့်ရှုခံစားကြရအောင်…