
ဒီတစ်ခါမှာတော့ အသစ်အဆန်းကြိုက်တတ်တဲ့ ပရိသတ်ကြီးတို့အတွက် တမူထူးခြားတဲ့ဇာတ်အိမ်လေးနဲ့ ဇာတ်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးပါရစေနော်။ ဇာတ်ကားနာမည်လေးက Gigi and Nate လို့ခေါ်ပါတယ်။ ဂျီဂျီဆိုတာက မျောက်ကလေးတစ်ကောင်ဖြစ်ပြီး နိတ်ဆိုတာကတော့ ကောင်လေးတစ်ယောက်ပေါ့။ ပြောရမယ်ဆိုရင် နိတ်ဆိုတဲ့ကောင်ကလေးဟာ အိပ်မက်တွေတစ်ပုံတပင်နဲ့ ကောလိပ်သွားရတော့မဲ့ ပျော်ပျော်နေတတ်တဲ့ အသက် (၁၈) နှစ်အရွယ် ကောင်လေးတစ်ယောက်ပါ။ အရာရာအဆင်ပြေနေတဲ့သူ့ဘဝကြီးထဲ ဝင်လာခဲ့တဲ့ မထင်မှတ်ထားတဲ့ဂြိုဟ်ဆိုးတစ်ခုကြောင့် သူဟာ ခြေလက်နှစ်ဖက်လုံးသေသွားခဲ့ပြီး သူ့ဘဝရဲ့ကျန်တဲ့သက်တမ်းကို ဝှီးချဲပေါ်မှာဖြတ်သန်းသွားရဖို့ ဖြစ်လာခဲ့ပါတယ်။ အညွန့်တလူလူနဲ့သူ့ဘဝ ရုတ်တရက်အညွန့်ချိုးခံရသလိုဖြစ်သွားတာကြောင့် စိတ်ဓာတ်ကျမှုတွေတစ်ပုံတပင်နဲ့ သတ်သေဖို့တောင် ကြိုးစားခဲ့ပါတယ်။ ဒီလိုနဲ့ (၄) နှစ်ကြာပြီးတဲ့နောက်မှာ ခြောက်ကပ်ကပ်သူ့ဘဝကြီးထဲ ဂျီဂျီလို့ခေါ်တဲ့ မျောက်ကလေးတစ်ကောင်ရောက်လာပြီး မျှော်လင့်ချက်တွေပါ တပါတည်းဆောင်ကြဉ်းပေးလာတဲ့အခါမှာတော့… ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဇာတ်ကားလေးထဲမှာပဲ ကြည့်ရှုခံစားလိုက်ပါဦးနော်။ IMDb rating အနေနဲ့ 6.7 ထိရရှိထားတာမို့ လက်မလွှတ်သင့်တဲ့ စိတ်အပန်းဖြေစရာဇာတ်ကားကောင်းလေးတစ်ကားဆိုတာတော့ အသေအချာပါပဲ။