
နဆုမဲနဲ့ ကိုးဆုကဲတို့ဟာ ငယ်ငယ်ကတည်း အတူနေအတူစားပြီး ကြီးပြင်းလာခဲ့တဲ့ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ပြီး သူတို့ရဲ့အုပ်ထိန်းသူ ဘိုးယဆုဂျီးကွယ်လွန်ပြီးတဲ့နောက်မှာတော့ အနေဝေးပြီး စိမ်းလာကြတယ်ပေါ့။ နွေရာသီကျောင်းပိတ်ပြီးတဲ့နောက် ကိုးဆုကဲရယ် လေ့လာရေးအိမ်စာ စာတမ်းလုပ်ဖို့ဆိုပြီး သူ့ကိုအတင်းခေါ်လာတဲ့ အတန်းဖော်သူငယ်ချင်းတွေရယ် သရဲထွက်တယ်ဆိုတဲ့ တိုက်ကြီးကိုသွားကြရင်း လူမနေတဲ့တိုက်ထဲ တိုက်တိုက်ဆိုင်ဆိုင် နဆုမဲနဲ့တွေ့ခဲ့တဲ့အပြင် ကိုးဆုကဲကိုကြိတ်ကြွေနေတဲ့သူငယ်ချင်းမလေးပါ လမ်းမှာတွေ့လို့လိုက်လာခဲ့တော့ ၄ တန်းအရွယ် ကလေး ၆ ယောက် သရဲခြောက်တယ်ဆိုတဲ့တိုက်ကြီးမှာဆုံခဲ့ကြတယ်ပေါ့။ ဇာတ်လမ်းက ဒီကစပါတယ်။ တိုက်ပေါ်ကနေ နဆုမဲရဲ့ မတော်တဆပြုတ်ကျမှုနဲ့အတူ ရုတ်တရက်ကြီး ထူးဆန်းစွာပဲ သူတို့ရောက်နေတဲ့ တိုက်ကြီးတစ်ခုလုံးဟာ ပင်လယ်ထဲကို ရောက်သွားခဲ့ပါတယ်။ ဟိုဖက်ကြည့်လည်းပင်လယ် ဒီဖက်ကြည့်လည်းပင်လယ်နဲ့ ပြာယာတွေခတ်ပြီး ဘာတွေဆက်ဖြစ်မလဲ၊ အခက်အခဲတွေကို ဘယ်လိုတွေ ကျော်ဖြတ်ကြမယ်ဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာပဲ ဆက်ကြည့်ပေးကြပါဗျ။ စာကြွင်းအနေနဲ့ ဒီကားလေးဟာ animation လည်းကောင်းတဲ့အပြင် ဇာတ်အိမ်လည်းခိုင်တဲ့အတွက် ငယ်ဘဝကို ပြန်ခံစားစေရမှာမို့ anime ဖန်တွေကိုတော့ လက်လွတ်မခံဘဲ ကြည့်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်ဗျ။