
ဒီဇင်ဘာဆောင်းကလည်း ပိုပိုအေးလာပြီဆိုတော့ အားလုံးပဲအားလပ်ချိန်မှာ စောင်လေးခြုံရင်း chill ဖို့ Fantasy/ Action ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားက ကျွန်တော်ငယ်ငယ်ကအရမ်းကြိုက်လို့ ခဏခဏပြန်ကြည့်ခဲ့တဲ့ ကားဟောင်းလေးဖြစ်ပြီး social media တွေခေတ်မစားခင် ခွေဝယ်ကြည့်ရတဲ့ခေတ်ကို မီလိုက်တဲ့သူတွေဆိုရင် ခွေမျက်နှာဖုံးမှာ တိုက်ကြီးတစ်တိုက်ကို နဂါးကြီးနှစ်ကောင်ပတ်ထားတဲ့ပုံကို အားလုံးပဲမြင်ဖူးကြမှာပါ။ ဇာတ်ကားနာမည်လေးက Dragon Wars လို့ခေါ်ပြီး ဒီကားလေးကို ကျွန်တော်တို့ SPT team က အကောင်းဆုံးဘာသာပြန်ပြီး ပြန်လည်တင်ဆက်ပေးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ကိုရီးယားဒဏ္ဍာရီတစ်ပုဒ်အပေါ် ဇာတ်အိမ်တည်ထားတာပါ။ ကိုရီးယားဒဏ္ဍာရီမှာ အီမူဂီလို့ခေါ်တဲ့ မြွေနဂါးမျိုးနွယ်တစ်စုရှိပြီး အနှစ် (၅၀၀) တိုင်းမှာတစ်ခါ ထိုက်တန်တဲ့အီမူဂီတစ်ကောင်ဟာ နဂါးအသွင်ကိုကူးပြောင်းပြီး ကောင်းကင်ဘုံကိုတက်လှမ်းရမှာဖြစ်ပါတယ်။ အဲဒီလိုကူးပြောင်းဖို့အတွက် ယူအီဂျိုလို့ခေါ်တဲ့ သန့်စင်တဲ့မိန်းမပျိုတစ်ယောက်ရဲ့ ဝိညာဉ်ကိုလိုအပ်ပါတယ်။ တစ်ခါမှာတော့ အီမူဂီမျိုးနွယ်ထဲက မိစ္ဆာမြွေနဂါးကြီးတစ်ကောင်က နဂါးအသွင်ကူးပြောင်းချင်တဲ့အတွက် ယူအီဂျိုကိုလိုချင်တပ်မက်လာတဲ့အခါမှာတော့ သူတို့ကြားမှာ ဘယ်လိုတိုက်ပွဲတွေဖြစ်လာပြီး လူသားမျိုးနွယ်ကိုဘယ်လိုရိုက်ခတ်လာမလဲ။ ဒီပဋိပက္ခတွေအားလုံးရဲ့ အဆုံးသတ်ကရော ဘာလဲဆိုတာကို ဇာတ်ကားကြည့်ရင်းပဲ စီးမြောခံစားအဖြေရှာကြည့်စေချင်ပါတယ်။