
ဒီ ဇာတ်ကားကတော့ မင်းသားကြီး Aamir Khan ရဲ့ ကောင်းပါတယ်ဆိုတဲ့ ဇာတ်ကားတွေထဲက ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ မင်းသားကြီး Aamir Khan က နပန်းအားကစားကို အရမ်းကို ချစ်မြတ်နိုးသူ၊ အရမ်းကို ရူးသွပ်သူတစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီးတော့ သူ့ရဲ့ အဝလွန်နေတဲ့ ကိုယ်ခန္ဓာကြီးနဲ့ ဇာတ်ဝင်ခန်းတစ်ပိုင်း၊ ကျစ်လစ်သန်မာတဲ့ ကိုယ်ခန္ဓာနဲ့ ဇာတ်ဝင်ခန်းတစ်ပိုင်း ရိုက်ကူးခဲ့တာဖြစ်တာကြောင့် ဇာတ်ကား စတင် ရိုက်ကူးခဲ့စဉ်ကတည်းက ပရိသတ်တွေကိုဆွဲဆောင်နိုင်ခဲ့တဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာဆိုရင် ဘဝတစ်လျှောက်လုံး သားသမီးတွေကို ပြုစု ပျိုးထောင်ဖို့အတွက် ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုနေကြရတဲ့ အမျိုးသမီးတွေ၊ အချိန်နဲ့အမျှ အိမ်မှုကိစ္စကိုပဲ မနားနိုင်အောင် လုပ်နေကြရတဲ့ အမျိုးသမီးတွေ၊ ယောက်ျားလေးတွေထက် ယုတ်ညံ့တယ်လို့ ယူဆခံထားရတဲ့ အမျိုးသမီးတွေ ဒီလို အမျိုးသမီးတွေလိုမျိုး သူ့ရဲ့သမီးတွေကို မဖြစ်လာစေဖို့အတွက် သူရူးသွပ်တဲ့ နပန်း ပညာကို တစ်လောကလုံးနဲ့ အတိုက်အခံလုပ်ပြီး မရရအောင် နည်းလမ်းတွေ မျိုးစုံသုံးပြီး သင်ကြားပေးခဲ့တဲ့ ဇာတ်ဝင်ခန်းတွေ “ငါက နင်တို့ကိုကယ်ဖို့ အချိန်တိုင်း ရှိနေနိုင်မှာမဟုတ်ဘူး ကိုယ့်ဘာသာ ရအောင်ကြိုးစားကြစမ်း” ဆိုပြီး ခပ်ကြမ်းကြမ်း လေ့ကျင့်ပေးခဲ့တဲ့ အချိန်တွေ၊ သမီးဖြစ်သူက ကိုယ့်ရဲ့အပေါ် အမြင်တစ်မျိုး ဖြစ်နေချိန်မှာ ဖခင်တစ်ယောက်ရဲ့ စိတ်ခံစားချက်တွေ၊ သမီးအတွက် ဂုဏ်ယူနေတဲ့ ဖခင်တစ်ယောက်ရဲ့ အခိုက်အတန့်တွေ ဒီလိုမျိုး အခြေအနေတွေမှာ ကြည့်နေတဲ့ သူတွေကို ကြက်သီးထလောက်အောင် မျက်ရည်ဝဲလောက်အောင် ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်တာကတော့ မင်းသားကြီး Aamir Khan ဖြစ်နေလို့ပဲလို့ ပြောရမှာပဲဖြစ်ပါတယ်။ တစ်ကယ့် ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်လမ်း ဖြစ်တာကြောင့် ကြည့်ရှုသူတွေရဲ့ရင်ထဲမှာ ကြည့်ပြီးသွားပြီဆိုတဲ့ အချိန်အထိတောင် စဉ်းစားမိတိုင်း ရင်ထဲမှာတလှပ်လှပ်ဖြစ်ပြီး အတွေးထဲမှာ တသသကျန်ခဲ့စေမယ့် ဇာတ်ကားကောင်းလေးဖြစ်တာကြောင့် ကြည့်ရှုအားပေးကြဖို့အတွက် တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။