
ဒီတစ်ခေါက်ကတော့ ၂၀၀၆ ခုနှစ်မှာ နာမည်ကြီး မင်းသား၊ မင်းသမီးတွေနဲ့ ရိုက်ကူးထားတဲ့ ဒရမ်မာဆန်ဆန် ဇာတ်ကားလေးကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ အားလုံး သိကြတဲ့ ဖဲမင်းသား“ကျိုးယွေ့ဖ”၊ နာမည်ကြီးမင်းသမီး“ကုန်လိ”၊ တရုတ်ပြည်ရဲ့ အောင်မြင်မှု ဘယ်တော့မှ မကျဆင်းနိုင်တဲ့ နာမည်ကြီး အဆိုတော် “Jay Chou” တို့နဲ့အတူ တခြားအနုပညာရှင်ပေါင်းများစွာလည်း ပါဝင်ထားပါတယ်။ ဇာတ်ကားထဲမှာ ဉာဏ်ထက်ပြီး အကြံကြီးတဲ့ မင်းကြီးနဲ့ မချစ်ဘဲ လက်ထပ်ထားရတဲ့ မိဖုရားကြီးတို့ ကြားက ဉာဏ်ပြိုင်မှုတွေကို တွေ့ရမှာပါ။ မင်းကြီးမှာကတော့ သားတော် သုံးယောက် ရှိပါတယ်။ ဒီသားတော် သုံးယောက်ထဲမှာ မင်းကြီးက ဘယ်သူ့ကို ထီးနန်းလွှဲပေးဖို့ စိတ်ကူးထားလဲ? ဘယ်သူ့ကို အချစ်ဆုံးလဲ? သားတော် သုံးယောက်လုံးကကော သူတော်ကောင်းတွေ ချည်းပဲလား? ဆိုတာကို ဇာတ်ကားလေးထဲမှာ တွေ့မြင်ရမှာဖြစ်လို့ အရမ်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ ပိုက်ဆံမက်တဲ့လူ၊ ရာထူးကို မက်တဲ့လူ၊ အချစ်ကို မက်တဲ့လူ မျိုးစုံကို တွေ့ရမှာပါ။ လူ့သဘာဝကို ဖော်ပြထားပြီး ရှုပ်ထွေးတဲ့ အချစ်ဇာတ်လမ်းတွေ၊ ဆန်းကြယ်လှတဲ့ သွေးသားတော်စပ်မှုတွေကိုလည်း ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို ငွေပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၅ မီလီယံ တောင် သုံးပြီးတော့ ရိုက်ကူးထားတာ ဖြစ်တဲ့အတွက် ဇာတ်ကားထဲမှာ ဝင်းလက်တောက်ပြောင်နေတဲ့ နန်းတက်ဝတ်စုံတွေ၊ အသုံးအဆောင်တွေနဲ့ သေသပ်လှပတဲ့ မိတ်ကပ်လက်ရာတွေကို တွေ့ရှိရမှာပါ။ ဒရမ်မာဆန်ဆန် နန်းတွင်း အရှုပ်တော်ပုံမျိုးကို ကြိုက်နှစ်သက်တဲ့သူ ဆိုရင်တော့ ဒီနာမည်ကြီးဇာတ်ကားလေးကို အခုပဲ ကြည့်ရှုလိုက်ကြပါနော်။