
အခု ပရိတ်သတ်ကြီးတို့ကိုမိတ်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ Horror ဆန်ဆန် Romance ဆန်ဆန် ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ ဇာတ်ကားလေးရဲ့အစမှာတော့ ဆွေစဥ်မျိုးဆက်ချမ်းသာလာတဲ့ မိသားစုတစ်စုဟာ အထည်ကြီးပျက်ဘဝကိုရောက်နေတဲ့အတွက် သူတို့သမီး ဗစ်တိုးရီးယားကို ချမ်းသာတဲ့ငါးကုန်သည်မိသားစုကသား ဗစ်တာနဲ့ လက်ထပ်ပေးဖို့ကြံနေပါတယ်။ သားရှင်ဘက်က မိသားစုကလည်း သူတို့သားကို မျိုးရိုးမြင့်တဲ့မိသားစုကသမီးနဲ့ လက်ထပ်ပေးရမှာမလို့ပျော်နေကြပြီး သမီးရှင်ဘက်က မိသားစုကလည်း အထည်ကြီးပျက်ဘဝကနေ လွယ်မြောက်တော့မယ်ဆိုပြီး အစီအစဥ်တွေဆွဲနဲ့ ဟုတ်တော့ဟုတ်နေတာပေါ့။ ဗစ်တိုးရီးယားနဲ့ ဗစ်တာတို့ကတော့ တစ်ယောက်ကိုတစ်ယောက် လုံးဝမတွေ့ဖူးကြပါဘူး။ လက်ထပ်ပွဲရဲ့ ရီဟာဇယ်မှာ ဗစ်တာဟာ စိတ်လှုပ်ရှားလွန်းပြီး အစမ်းလေ့ကျင့်မှုကို သေချာမလုပ်ဆောင်နိုင်ခဲ့ပါဘူး။ သူဟာ အစမ်းလေ့ကျင့်ပွဲကနေ ပြေးထွက်လာပြီး သူကောင်းကောင်းမပြောနိုင်ခဲ့တဲ့ ကတိစကားတွေကို တောထဲမှာလေ့ကျင့်နေခဲ့တယ်။ ဒါပေမယ့် သူဟာ လက်စွပ်ဝတ်ပေးရတဲ့အပိုင်းကိုလေ့ကျင့်တဲ့အခါမှာ သစ်ကိုင်းအမှတ်နဲ့ တမလွန်သတို့သမီး (Corpse Bride) ရဲ့လက်ကို သွားစွပ်ပေးလိုက်မိပါတယ်။ ဒီတော့ သူတို့နှစ်ယောက်ဟာ မထင်မှတ်ဘဲလက်ထပ်လိုက်သလိုဖြစ်သွားပြီး သေပြီးသားလူတွေနေတဲ့လောကကို ဗစ်တာတစ်ယောက် ရောက်သွားပါတော့တယ်။ တမလွန်သတို့သမီးလေး အမ်မလီဟာဆိုရင် သူ့ချစ်သူနဲ့ ထွက်ပြေးမယ့်ညမှာ ဝက်သစ်ချပင်ခြေရင်းမှာစောင့်ရင်း သစ္စာဖောက်ခဲ့တဲ့သူ့ရဲ့ချစ်သူကြောင့် အသက်သေဆုံးသွားခဲ့တဲ့သူဖြစ်ပါတယ်။ ဒီတော့ အချစ်ငတ်နေရှာတဲ့ အမ်မလီလေးနဲ့ ဗစ်တာတို့ သံယောဇဥ်တွေတွယ်သွားကြမှာလား။ ဒါမှမဟုတ် ဗစ်တိုးရီးယားနဲ့ ဗစ်တာကပဲ နောက်ဆုံးကျရင်လက်ထပ်ဖြစ်ကြမှာလားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်ရှင်။