
မကြာမီလာမည်မျှော်… ဆိုတဲ့စာတန်းလေးကို ရုပ်ရှင်ရုံကပိုစတာတွေမှာ အားလုံးပဲမြင်ဖူးကြမယ်ထင်ပါတယ်။ ဟုတ်ကဲ့ ဒီတစ်ခါမှာတော့ ကျိန်စာသင့်နေတဲ့ ရုံတင်လုဆဲဆဲရုပ်ရှင်ကားတစ်ကားအကြောင်းကို ရိုက်ကူးထားတဲ့ Coming Soon ဆိုတဲ့ ထိုင်းသရဲကားလေးနဲ့ မိတ်ဆက်ပေးပါရစေနော်။ အဲဒီကျိန်စာသင့်နေတဲ့ရုပ်ရှင်ကားဟာ မီးလောင်ပြီးသားသမီးတွေကိုဆုံးရှုံးလိုက်ရလို့ စိတ်ဝေဒနာသည်ဖြစ်သွားပြီး ကလေးတွေကိုဖမ်းဆီးခေါ်ဆောင်ကာ သူ့အိမ်ထဲပိတ်လှောင်ထားတဲ့ ချာဘာဆိုတဲ့မိန်းမကြီးအကြောင်းကို ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပေါ့။ ရွာသူရွာသားတွေက သူတို့ကလေးတွေကို အရူးမချာဘာကဖမ်းဆီးပြီး နှိပ်စက်ထားကြောင်းသိရတဲ့အခါ ဒေါသထွက်ပြီး အဲ့နေရာမှာပဲကြိုးပေးသတ်လိုက်ပါတယ်။ အဲဒီအတွက် အမုန်းရန်ငြှိုးတွေနဲ့သေဆုံးသွားရတဲ့ချာဘာဟာ မကျွတ်လွတ်ဘဲ သရဲအဖြစ်နဲ့ သူ့ကိုသတ်ခဲ့တဲ့သူတွေကို အငြှိုးတကြီးလိုက်လံသတ်ဖြတ်ပါတော့တယ်။ ဒီအထိက မထူးဆန်းပေမဲ့ ထူးဆန်းတာက ရုပ်ရှင်ဟာကျိန်စာသင့်နေပြီး ရုပ်ရှင်ကြည့်မိတဲ့သူတွေကိုပါ ချာဘာကလိုက်လံခြောက်လှန့်ပြီး သတ်ဖြတ်ဖို့ကြိုးစားတာပါ။ ရုပ်ရှင်ကိုရုံမတင်ခင် ခိုးကူးဖို့ကြိုးစားရင်း ကြည့်မိသွားတဲ့ ရှိန်းအနေနဲ့ ဘယ်လိုကံကြမ္မာနဲ့ရင်ဆိုင်ရမလဲ။ ရုပ်ရှင်ကရော ဘယ်လိုအကြောင်းကြောင့် ကျိန်စာသင့်ပြီး ချာဘာသရဲဝင်စီးနေတာလဲဆိုတာကိုတော့ ဒီဇာတ်ကားလေးထဲမှာပဲ ကြည့်ရှုခံစားပေးကြပါဦးနော်။