
ဒီနှစ်ထဲ Netflix ကထွက်ထားတဲ့ adventure/comedy ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ပီတာနဲ့ လပ်ပင် ဆိုတဲ့ ယုန်ညီအစ်ကိုနှစ်ယောက်ဟာ သန်းနဲ့ချီတဲ့ ဟမ်းစတားလေးတွေကို လိုသလိုစေခိုင်းလို့ရတဲ့ ရတနာကိုရှာဖို့ စွန့်စားခန်းထွက်လာကြပါတယ်။ ရတနာအစား ဒီကားလေးမှာ ဇာတ်လိုက်ကျော် ဖြစ်လာမယ့် ယုန်တစ်ပိုင်းကြက်တစ်ပိုင်း “ချစ်ကင်းဟေးလ်” လေးကို ရှာတွေ့ခဲ့ကြတယ်ပေါ့။ စိတ်ကောင်းရှိပြီး ကြင်နာတတ်တဲ့ အငယ်ကောင် ပီတာက “ချစ်ကင်းဟေးလ်” လေးကို မြင်မြင်ချင်း သံယောဇဉ်တွယ်ပြီး မွေးစားခဲ့ပါတယ်။ “ချစ်ကင်းဟေးလ်” လေး ကြီးပြင်းလာတဲ့အခါ အတော်ဆုံးစွန့်စားသွားလာသူ တစ်ယောက်ဖြစ်တဲ့ သူ့အဖေကိုအားကျပြီး သူ့အဖေလို စွန့်စားသူတစ်ယောက် ဖြစ်လာဖို့ အိပ်မက်မက်ခဲ့ပေမဲ့ သူ့ရဲ့ဖြစ်တည်မှုကို ရှက်တဲ့စိတ်နဲ့ အလွဲတွေလုပ်မိလိုက်ပါတယ်။ သူ့အမှားကြောင့် ထီးနန်းလုလို့ အကျဉ်းချခံထားရတဲ့ သူ့ရဲ့ဦးလေးဆိုး လပ်ပင် ကိုလွှတ်ပေးလိုက်မိတဲ့အခါ.. လပ်ပင် ကလည်း အချုပ်ကျနေပေမဲ့ ရတနာကိုအရယူပြီး တိုင်းပြည်ကိုအပိုင်သိမ်းဖို့ အမြဲတစေ ကြိုးပမ်းနေတဲ့သူဆိုတော့ “ချစ်ကင်းဟေးလ်” တစ်ယောက် သူ့အမှားကို အဖတ်ပြန်ဆယ်တဲ့အနေနဲ့ ဦးလေး လပ်ပင် ရဲ့ မကောင်းတဲ့အကြံအစည်ကို ဖျက်ဆီးဖို့ စွန့်စားခန်း ဖွင့်ခဲ့ပါတော့တယ်။ IMDB rating 6.4/10 ပဲ ရထားပေမဲ့ ပေါ့ပေါ့ပါးပါးရှိပြီး စိတ်ဝင်စားစရာကောင်းတဲ့ ကားလေးမို့လို့ ကလေးရော လူကြီးရော ကြိုက်ကြမှာ အသေအချာပါပဲ။