
ဒီကားလေးကတော့ Netflix ကထုတ်လုပ်ထားပြီး နာမည်ကြီး Wit Studio က အသက်သွင်းထားတဲ့ အာနီမဲဇာတ်ကားကောင်းလေးတစ်ကားတစ်ဖြစ်ပြီး အချစ်ဟာ လူကိုပြောင်းလဲစေပုံကို ဖော်ကျူးပြသထားပါတယ်။ ကမ္ဘာအနှံ့အပြားမှာ ရုတ်တရက် ပူဖောင်းမိုးတွေရွာကျလာပြီး ရထားလမ်း ကားလမ်းမများပါ ပိတ်တဲ့အထိပါ ဆိုးရွားလာခဲ့ပါတယ်။ ထိုအချိန်မှာ ရုတ်တရက်ကြီး တိုကျိုမှာဗဟိုပြုတဲ့ ပေါက်ကွဲမှုအကြီးစားတစ်ခုဖြစ်ပေါ်ခဲ့ပြီး ထိုပေါက်ကွဲမှုကြီးကြောင့် တိုကျိုတစ်မြို့လုံးဟာ ပူဖောင်းလုံးအကြီးကြီးရဲ့ ခြုံအုပ်ခြင်းကိုခံလိုက်ရပါတယ်။ ထိုပူဖောင်းလုံးကြီးကြောင့် တခြားနေရာတွေမှာ ပူဖောင်းတွေမရွာတော့တာတောင်မှ တိုကျိုမှာတော့ ဆက်လက်ရွာနေပြီး ပေါက်ကွဲမှုကြီးကြောင့် ချစ်ရသူတွေကို ဆုံးရှုံးလိုက်ရတဲ့ကလေးတွေဟာ ရေလွှမ်းနေတဲ့ တားမြစ်တိုကျိုနယ်မြေမှာ စုဝေးပြီး parkour ပြိုင်ပွဲတွေ ဆော့ကစားကြပါတယ်။ အဲ့ဒီကစားပွဲတွေရဲ့ကစားသမားတစ်ယောက်ဖြစ်တဲ့ အဓိကဇာတ်ကောင်မင်းသား ဟီဘီကီဟာ တစ်ညမှာ အန္တရာယ်များတဲ့နေရာတစ်ခုဆီသွားရင်း ခြေချော်လက်ချော်ဖြစ်ပြီး ရေအောက်ထဲပြုတ်ကျသွားခဲ့ပါတယ်။ သူ့ကို ပူဖောင်းတစ်လုံးကနေဖြစ်တည်လာတဲ့ ကောင်မလေးတစ်ယောက်က ကယ်တင်ပေးခဲ့ရာကစလို့ တဖြည်းဖြည်း နှစ်ယောက်သား ဘယ်လိုသံယောဇဉ်တွေတွယ်လာပြီး ကောင်လေးက ကောင်မလေးကြောင့် ဘယ်လိုတွေအထိပါ ပြောင်းလဲသွားမယ်ဆိုတာကိုတော့ ဇာတ်ကားထဲမှာ ကြည့်ရှုပေးကြပါဗျ။