
သားသမီးဆိုတာ ရတနာတဲ့။ တချို့သောမိဘတွေကတော့ အကြောင်းကြောင်းကြောင့် မွေးလာတဲ့ ရတနာကို စွန့်ပစ်ကြတယ်။ တချို့မိဘတွေကတော့ သားသမီးလိုချင်ပေမဲ့ မရနိုင်လို့ မိဘမဲ့ဂေဟာက ကလေးတွေကို မွေးစားဖို့ ပြင်ဆင်ကြရတယ်။ တောင်ကိုရီးယားနိုင်ငံမှာ သားသမီးမရနိုင်တဲ့မိဘတွေ ကလေးမွေးစားဖို့အတွက်ဆိုရင် မွေးစားမယ့်မိဘက လက်ထပ်မှတ်ပုံတင်ထားပြီးသား ဖြစ်ရမယ်။ အဲ့ဒါအပြင် ကလေးမွေးစားဖို့ အရည်အချင်းရှိမရှိ ပြုစုပျိုးထောင်နိုင်ခြင်း ရှိမရှိ အကဲဖြတ်တဲ့အချိန်ကာလကို အောင်မြင်ရမယ်။ အချက်အလက်မပြည့်စုံ အကဲဖြတ်ကာလ မအောင်မြင်ရင်တော့ ကလေးမွေးစားခွင့်မရှိဘူးပေါ့။ ဒီဇာတ်ကားထဲမှာတော့ အဲ့လိုအချက်အလက်တွေ မပြည့်စုံလို့ အချိန်မစောင့်ချင်လို့ စတဲ့ မွေးစားမိဘတွေအတွက် မိဘမဲ့ဂေဟာက ကလေးတွေကို ပွဲစားလုပ်ပြီး တိုက်ရိုက်ရောင်းပေးတဲ့ ပွဲစားတွေ အကြောင်းနဲ့ မလိုချင်ဘဲ ရလာတဲ့ ကလေးလေးကို ဘုရားကျောင်းမှာ စွန့်ပစ်ခဲ့တဲ့ မိခင်တစ်ယောက်ရဲ့အကြောင်းကို ဝမ်းနည်းစရာ ရယ်မောစရာ ရသအစုံနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ ကိုရီးယား ရုပ်ရှင်အဆင့်အတန်းဟာ နိုင်ငံတကာစံချိန်စံညွှန်းနဲ့အမီ ရိုက်ကူးလာနိုင်တာနဲ့အညီ ရုပ်ရှင်သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်စွမ်းရည်ဟာလည်း သဘာဝဘက်ကို ပိုသာလာခဲ့တာ နဂိုက ကိုရီးယားကားဆို မကြည့်တတ်တဲ့ ပရိသတ်တွေကိုပါ ဆွဲဆောင်လာနိုင်တဲ့အထိပါပဲ။ ဒီကားထဲမှာ သဘာဝမင်းသားကြီး ဆုန်းကန်ဟို ဘီးကျဲကြီး ဂန်ဒုံဝန်း အဆိုတော်မင်းသမီးချောလေး IUတို့က ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပြီး IMDB မှာ rating 7.2/10 အထိ ရရှိထားတဲ့အပြင် Box office မှာ US ဒေါ်လာ (14.8)million အထိပါ ရရှိခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်တာကြောင့် အချိန်ပေးကြည့်ရှုဖို့ ထိုက်တန်စေတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်ရှင့်။