
ဒီနှစ်စက်တင်ဘာကမှထွက်ရှိထားတဲ့ Barbarian ရုပ်ရှင်ဟာ မထွက်ခင်ကတည်းက ကြိုနာမည်ကြီးနေခဲ့ပြီး တကယ်တမ်းထွက်လာတဲ့အခါမှာလည်း Horror ဖန်တွေကြားမှာ တော်တော်လေးရေပန်းစားသွားတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းကိုတော့ အလုပ်အင်တာဗျူးအတွက် ဒက်ထရွိုက်မြို့ကိုရောက်ရှိလာတဲ့ တက်စ်လို့ခေါ်တဲ့အမျိုးသမီးလေးကို ဇာတ်အိမ်တည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ သူတည်းဖို့ငှားထားတဲ့အိမ်မှာ မမျှော်လင့်ဘဲ ကြိုရောက်နေတဲ့ အိမ်ငှားနောက်တစ်ယောက်ကြောင့် ရောက်ရောက်ချင်း အဆင်မပြေမှုတွေနဲ့ တွေ့ကြုံလိုက်ရတဲ့တက်စ်အတွက် အိမ်ငယ်လေးရဲ့မြေအောက်ခန်းမှာစောင့်ကြိုနေတဲ့ ကြောက်မက်ဖွယ်ရာတွေကိုပါ မမျှော်လင့်ဘဲရင်ဆိုင်လိုက်ရတဲ့အခါမှာတော့ ဒီအန္တရာယ်ဆိုးတွေကနေ ဘယ်လိုလွတ်မြောက်အောင်ကြိုးစားမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ်ကောင်းအောင် ရိုက်ကူးထားပါတယ်။ ခုနကပြောခဲ့သလိုပဲ Horror ချစ်သူတွေကြား တော်တော်လေး hot ဖြစ်သွားတဲ့ဇာတ်ကားပီပီ IMDb rating ကလည်း 7.1 အထိရရှိထားတာမို့ ဇာတ်ကားကောင်းတစ်ကားဖြစ်မယ်ဆိုတာ ပြောနေစရာတောင်မလိုပါဘူး။ ဇာတ်ကားကသေချာကြည့်မယ်ဆိုရင် တချို့နေရာတွေမှာ သနားစရာလည်းကောင်း၊ မမျှော်လင့်ထားတဲ့အချိန်တွေမှာ ပေါ်လာတတ်တဲ့ လူတွေရဲ့သရုပ်မှန်တွေကိုလည်း အံ့ဩတကြီးဖြစ်ရမဲ့အပြင် ဘယ်သူကတကယ့်ဗီလိန်၊ ဘယ်သူက victim ဆိုတာကို plot twist တွေနဲ့အတူ စိတ်လှုပ်ရှားဖွယ်ကြည့်ရမှာမို့ လက်လွတ်မခံဘဲ မီးလေးပိတ်ရင်း အခုပဲသွားကြည့်လိုက်ပါဦးနော်။