
ပြင်သစ်ရဲ့ အသီနာရပ်ကွက်ထဲမှာ ရဲသုံးယောက်ရဲ့ ရိုက်နှက်မှုကြောင့် ၁၃ နှစ်အရွယ်ကလေးတစ်ယောက် သေဆုံးသွားတဲ့ ဗွီဒီယိုဟာ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။ အဲ့ဒီကလေးရဲ့ သေဆုံးမှုအတွက် ရဲစခန်းက ရှင်းလင်းချက် ထုတ်နေတုန်းမှာပဲ ပရိသတ်ထဲကနေ ရဲစခန်းကို မိုလိုတော့ဗ်နဲ့ ပစ်ပြီး ရုန်းရင်းဆန်ခတ် ဖြစ်နေချိန် ရဲစခန်းထဲကနေ လက်နက်တွေ ဝင်လုကာ ဆူပူအုံကြွမှုတစ်ခုစတင်ခဲ့ပါတယ်။ အသီနာရပ်ကွက်ထဲက လူငယ်တွေဟာ ရပ်ကွက်နယ်မြေကို ခံတပ်သဖွယ် အလုံပိတ်ကာ တရားခံရဲတွေကို ထုတ်ပေးဖို့ တောင်းဆိုခဲ့ ကြပါတယ်ဗျ။ ဒီ Athena ဆိုတဲ့ အက်ရှင်၊ ဒရာမာ ရုပ်ရှင်ဟာဆိုရင် သာမန်အက်ရှင်ရုပ်ရှင်တွေနဲ့ ကွဲထွက်နေပြီး သေဆုံးသွားတဲ့ ကလေးငယ်ရဲ့ အစ်ကို သုံးယောက်နဲ့ ရဲတစ်ယောက်ကို ဇာတ်အိမ်တည်ကာ အဓိကရုဏ်းဖြစ်နေပုံတွေကို ပီပြင်အောင် ရိုက်ပြထားပါတယ်။ ဒီရုပ်ရှင်ထဲမှာ ကြမ်းတမ်းတဲ့စကားလုံးတွေနဲ့ ရိုက်ကွင်းရိုက်ကွက်တွေ အများကြီးသုံးထားတဲ့အတွက် R အဆင့်အဖြစ် Rating ပေးခံထားရပါတယ်ဗျ။ One take shot အရှည်ကြီးတွေကိုလည်း ဆက်တိုက်သုံးထားပြီး Cinematography တွေ၊ တင်ပြပုံတွေ၊ သရုပ်ဆောင်တွေရဲ့ အိုက်တင် တွေဟာလည်း တော်တော်လေးကောင်းတဲ့အတွက် ပြင်သစ်ရုပ်ရှင်ဆုပေးပွဲတွေမှာ ဆုတွေအများကြီးအတွက် ဆန်ခါတင် လျာထားခံရတဲ့ ရုပ်ရှင်ဖြစ်တာကြောင့် ကြည့်ရတာ တကယ်တန်တဲ့ ရုပ်ရှင်လေးဖြစ်နေမှာပါ…။