
အာလာဒင်နဲ့ မီးခွက်စောင့်ဘီလူးကြီး ဂျင်းနီတို့ရဲ့ပုံပြင်ကို အားလုံးကြားဖူးကြလိမ့်မယ်လို့ထင်ပါတယ်။ ဒီဇာတ်ကားလေးကတော့ IMDb rating 8.0 အထိရရှိထားပြီး Disney ရဲ့အောင်မြင်ကျော်ကြားတဲ့ animation ဇာတ်ကားတစ်ကားဖြစ်ပြီးတော့ သီချင်းလေးတွေနဲ့ ရသစုံလင်စွာသရုပ်ဖော်ထားတဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးရဲ့အစမှာတော့ အံ့ဖွယ်ဂူဆိုတဲ့ လိုဏ်ဂူကြီးတစ်ခုရှိခဲ့ပါတယ်။ အကြံကြီးတဲ့လူတစ်ယောက်ဟာ အဲ့ဒီလိုဏ်ဂူကြီးထဲကမီးခွက်ကိုယူဖို့ နှစ်ပေါင်းများစွာ ကြိုးစားနေတာပေါ့။ ဒါပေမယ့် အဲ့ဒီလိုဏ်ဂူထဲကို ပုန်းကွယ်နေတဲ့စိန်ပွင့်လို့ တင်စားခေါ်ဆိုထိုက်သူသာလျှင် ဝင်ခွင့်ရနိုင်မှာပဲဖြစ်ပါတယ်။ အာလာဒင်ဟာဆိုရင် စားဝတ်နေရေးကို သူ့ရဲ့မျောက်လေး အာဘူးနဲ့အတူ ခက်ခက်ခဲခဲရှာဖွေစားသောက်နေရတဲ့ တစ်ကောင်ကြွက်လေးပါ။ ဒါပေမယ့် အာလာဒင်ဟာ အံ့ဖွယ်လိုဏ်ဂူကြီးထဲကိုဝင်ခွင့်ရနိုင်တဲ့ ပုန်းကွယ်နေတဲ့စိန်ပွင့်ပဲဖြစ်ပါတယ်။ တစ်နေ့မှာတော့ စျေးထဲကိုရုပ်ဖျက်ပြီး နန်းတော်ကြီးထဲကနေခိုးထွက်လာတဲ့ မင်းသမီးလေး ဂျက်စမင်နဲ့ တွေ့ဆုံပြီး ချစ်ကျွမ်းဝင်ခဲ့ကြတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်က ဆင်းရဲသားနဲ့ မင်းသမီးဖြစ်တဲ့အတွက် ချစ်ခွင့်မရခဲ့ပါဘူး။ နန်းတော်ထဲက အမတ်ကြီး ဂျက်ဖာက အာလာဒင်ဟာ လိုဏ်ဂူကြီးထဲကိုဝင်နိုင်တဲ့ တစ်ဦးတည်းသောသူဆိုတာကိုသိပြီး အကောက်ကြံကာ အာလာဒင့်ကို မီးခွက်ကိုယူခိုင်းပါတော့တယ်။ အဲ့ဒီအချိန်မှာ အာလာဒင်နဲ့ မီးခွက်စောင့်ဘီလူးကြီး ဂျင်းနီတို့တွေ့ဆုံပြီး ဘယ်လိုတွေဆက်ဖြစ်ကြမလဲ။ ဂျင်းနီကရော အာလာဒင်ရဲ့အချစ်ရေးမှာ ဘယ်လိုတွေကူညီသွားမလဲ။ ထီးနန်းကိုသိမ်းဖို့ကြံနေတဲ့ အမတ်ကြီးဂျက်ဖာကိုရော ဘယ်လိုတွေ ရင်ဆိုင်သွားမလဲဆိုတာကို ကြည့်ရှုအားပေးကြရမှာပဲဖြစ်ပါတယ်။