
Netflix ကနေ အသစ်ထွက်ရှိထားတဲ့ A Perfect Pairing ဆိုတဲ့ Slice of Life ဆန်ဆန် ရုပ်ရှင်လှလှလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဗျ။ လိုလာကတော့ ဝိုင်ကုမ္ပဏီတစ်ခုမှာ ဖြန့်ချိရေးတာဝန်ယူထားပြီး ဖောက်သည်တွေနဲ့လည်း ဆက်ဆံရေးကောင်းတဲ့ သွက်သွက်လက်လက် မိန်းကလေးတစ်ယောက်ပဲဖြစ်ပါတယ်။ အပြောဆိုးတဲ့ သူဌေးရဲ့လက်အောက်မှာ အဆင်ပြေအောင် ကြိုးစားနေရင်း တစ်နေ့မှာတော့ သူငယ်ချင်းဖြစ်သူရဲ့ မလိမ့်တစ်ပတ်လုပ်ရပ်ကြောင့် လိုလာတစ်ယောက် အဲ့ဒီဝိုင်ကုမ္ပဏီကနေ ထွက်ပြီး ကိုယ်ပိုင်ကုမ္ပဏီထောင်ခဲ့ပါတယ်ဗျ။ လိုလာဟာ သူ့ရဲ့ ကုမ္ပဏီအသစ်ကို ဩစတျေးလျမှာရှိတဲ့ နာမည်ကြီး ဝိုင်ကုမ္ပဏီတစ်ခုနဲ့ ချိတ်ဆက်နိုင်ဖို့ ကြိုးစားရင်း ဩစတျေးလျရဲ့ တောင်တန်းတွေပေါ်မှာရှိတဲ့ မွေးမြူရေးခြံတစ်ခုမှာ ခြံအလုပ်သမားအဖြစ် အလုပ်ဝင်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ ထက်မြက်ပြီး၊ အင်မတန်ကြိုးစားတဲ့ အဓိကဇာတ်ကောင် လိုလာနေရာမှာတော့ အမေရိကန်မင်းသမီးချော Victoria Justice က သရုပ်ဆောင်ထားပါတယ်ဗျ။ ဒီရုပ်ရှင်ဟာဆိုရင် Romance အမျိုးအစားဖြစ်ပြီး ဩစတျေးလျရဲ့ တိမ်တွေအုပ်ဆိုင်းနေတဲ့ တောင်တန်းတွေ၊ ဝိုင်ခြံတွေ၊ ခပ်ဝဲဝဲ အော်ဇီလေသံတွေနဲ့ ကျေးလက်က ခြံအလုပ်သမားတွေ၊ ငေးမောနေရမယ့် အစိမ်းရောင် ရှုခင်းတွေကို မြင်နေရမှာဖြစ်တဲ့အတွက် ကြည့်နေတဲ့တစ်လျှောက်လုံး စိတ်ချမ်းသာနေစေမယ့်ရုပ်ရှင်ပဲဖြစ်ပါတယ်ဗျ။