
မသေခင်ကြည့်ဖူးသွားသင့်တဲ့ ရုပ်ရှင်စာရင်းတွေထဲမှာ အမြဲတမ်းပါတတ်တဲ့ရုပ်ရှင်။ ဘယ်အချိန်ပြန်ကြည့်ကြည့် အမြဲတမ်း ရင်ထဲထိတဲ့ရုပ်ရှင်။ နောက်ထပ် တမီလ်ဗားရှင်းနဲ့ရော၊ စပိန်ဗားရှင်းနဲ့ရော နှစ်ခါတောင် ပြန်ရိုက်တာခံထားရတဲ့ရုပ်ရှင်။ ဒီ 3 Idiots ရုပ်ရှင်ဟာဆိုရင် မင်းသားကြီး အမီရာခန်းရဲ့ အကောင်းဆုံးလက်ရာတွေထဲမှာ ထိပ်ဆုံးက ရှိနေတဲ့ရုပ်ရှင်ပဲဖြစ်ပါတယ်။ ခေါက်ရိုးကျိုးလည်ပတ်နေတဲ့ စနစ်ကြီးထဲမှာ လမ်းရိုးမလိုက်ဘဲ ဖောက်ထွက်ဖို့ကြိုးစားတဲ့ ပါရမီရှင် ကျောင်းသားတစ်ယောက်နဲ့ သူ့ရဲ့ သူငယ်ချင်းနှစ်ယောက်အကြောင်းကို အဓိကထားပြီး ဇာတ်လမ်းလုပ်ရိုက်ကူးထားတာဖြစ်ပါတယ်ဗျ။ မွေးလာကတည်းက ကိုယ်ဘာဖြစ်ရမယ်ဆိုတာကို ကိုယ့်ဆန္ဒမပါဘဲ သတ်မှတ်ပေးထားတဲ့ လူ့အဖွဲ့အစည်းကြီးကို မြင်အောင်ပြထားပြီး လူတွေသာ ကိုယ်ပျော်တဲ့အလုပ်ကို လုပ်ရရင် အောင်မြင်မှုက နောက်ကလိုက်လာမယ်ဆိုတာကို အနုပညာမြောက်မြောက်နဲ့ ဒါရိုက်တာက လက်စွမ်းပြထားတဲ့အပြင် သရုပ်ဆောင်တိုင်းကလည်း အပိုအလိုမရှိ ဇာတ်ကောင်နဲ့ ကွက်တိ ကျအောင် သရုပ်ဆောင်ထားကြပါတယ်။ ဘယ်အချိန်ကြည့်ကြည့် ပေါ့ပေါ့ပါးပါးနဲ့ ရသမျိုးစုံ၊ ခံစားချက်မျိုးစုံ၊ စိတ်ခွန်အားမျိုးစုံ ရတဲ့အတွက် ကြည့်ပြီးသားဖြစ်နေရင်တောင် နောက်တစ်ကြိမ် ထပ်ကြည့်မိလို့ နောင်တမရနိုင်မယ့် အကောင်းဆုံး ရုပ်ရှင်တွေထဲက ရုပ်ရှင်တစ်ကားပဲ ဖြစ်ပါတယ်ဗျ။